ယင်းမာပင် ၂၃ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၏ စိုက်ပျိုးရေအထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေ စက်ရေတွင်း အနက်ပေ(၈၀ဝ)ရှိ တွင်းနက်(၅)တွင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တူးဖော်ပေးသွာမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းထံမှ သိရသည်။

 

တူးဖော်ပေးမည့် တွင်းနက်(၅)တွင်းမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ကျေးရွာများတွင် စိုက်ပျိုးရေအမှန်တကယ်အခက်အခဲဖြစ်လျက်ရှိသော ကျေးရွာများအတွက် စိုက်ပျိုးရေ အသုံးပြုနိုင်ရန် တူးဖော်ပေးခြင်းဖြစ်ပြီး တွင်းတူးလုပ်ငန်းများပြီးစီးပါက လယ်မြေ ၅၇ ဒသမ ၈၆ ဧကကို စိုက်ပျိုးရေအထောက်အကူ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

"ယင်းမာပင်ခရိုင်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့နေရာတွေကို ကွင်းဆင်းကြည့်ရှုပြီး အမှန်တကယ် စိုက်ပျိုးရေအတွက် အခက်အခဲဖြစ်တဲ့ ကျေးရွာတွေက နေရာတွေကို ခွင့်ပြုချက်တောင်းခံ၍ ခွင့်ပြုချက်ရလို့ ယခုဘဏ္ဍာနှစ်မှာ တူးဖော်ပေးသွားမှာ ဖြစ်ပါတယ်။ ရေတွင်းတူးတာကိုတော့ စက်ကြီးတွေနဲ့ အနက်ပေ(၈၀ဝ)အထိ တူးပေးမှာဖြစ်ပြီး တွင်းတူးခြင်းနှင့် ပိုက်ချခြင်းတို့ကို ရေစုပ်ယူနိုင်သည်အထိ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ရေတွင်းမှ စိုက်ပျိုးရေကို သူ့တို့ကိုယ်ပိုင် ရေစုပ်စက်များဖြင့်  စိုက်ပျိုးရေကို ထုတ်ယူသုံးစွဲနိုင်ကြမှာ ဖြစ်ပါတယ်" ဟု ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးက ပြောပြသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ် (၄၅)သန်း အကုန်ကျခံပြီး ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျားတက်ကျေးရွာတွင် စိုက်ပျိုးမြေ ၃၀ ဒသမ ၂၉ ဧကကို အထောက်အကူဖြစ်စေမည့် အနက်ပေ(၈၀ဝ)ရှိ တွင်းနက် (၃)တွင်း၊ ဇီးချိုင်ကျေးရွာတွင် စိုက်ပျိုးမြေ ၂၇ ဒသမ ၅၇ ဧကကို အတောက်အကူဖြစ်စေမည့် အနက်ပေ(၈၀ဝ)ရှိ တွင်းနက် (၂)တွင်းအား တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)