ယင်းမာပင်   ၂၇    ဖေဖော်ဝါရီ   

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်အတွင်းရှိ ကျေးရွာများ၏ စိုက်ပျိုးရေအထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးသုံးရေတွင်း အနက်ပေ(၈၀၀)ရှိ တွင်းနက်(၅)တွင်းကို    တူးဖော်ဆောင်ရွက်မည်ဖြစ်ရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဇီးချိုင်ကျေးရွာ၌ စတင်တူးဖော် ဆောင်ရွက်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းထံမှ သိရသည်။

 

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ် (၄၅)သန်း အကုန်ကျခံပြီး ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဇီးချိုင်ကျေးရွာတွင် စိုက်ပျိုးမြေ ၂၇ ဒသမ ၅၇ ဧကကို အတောက်အကူ​ဖြစ်စေမည့် အနက်ပေ(၈၀၀)ရှိ တွင်းနက် (၂)တွင်းနှင့် ကျားတက်ကျေးရွာတွင် စိုက်ပျိုးမြေ ၃၀ ဒသမ ၂၉ ဧကကို အထောက်အကူ​ဖြစ်စေမည့် အနက်ပေ(၈၀၀)ရှိ တွင်းနက် (၃)တွင်းအား တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

"အခုဒီရေတွင်းတူဖော်ခြင်းက ရေတွင်းတူးတာကိုတော့ စက်ကြီးတွေနဲ့ အနက်ပေ(၈၀၀)အထိ တူးပေးမှာဖြစ်ပြီး တွင်းတူးခြင်းနှင့် ပိုက်ချခြင်းတို့ကို ရေစုပ်ယူနိုင်သည်အထိ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ရေတွင်းမှ စိုက်ပျိုးရေကို သူ့တို့ကိုယ်ပိုင် ရေစုပ်စက်များဖြင့်  စိုက်ပျိုးရေကို ထုတ်ယူသုံးစွဲနိုင်ကြမှာ  ဖြစ်ပါတယ်" ဟု ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးက ပြောပြသည်။

 

 

တူးဖော်ပေးမည့် တွင်းနက်(၅)တွင်းမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ကျေးရွာများတွင် စိုက်ပျိုးရေအမှန်တကယ် အခက်အခဲဖြစ်လျက်ရှိသော ကျေးရွာများအတွက် စိုက်ပျိုးရေ အသုံးပြုနိုင်ရန် တူးဖော်ပေးခြင်းဖြစ်ပြီး တွင်းတူးလုပ်ငန်းများပြီးစီးပါက လယ်မြေ ၅၇ ဒသမ ၈၆ ဧကကို စိုက်ပျိုးရေ အထောက်အကူ ရရှိမည်ဖြစ်ပြီး ရေအနည်းလိုဆောင်းသီးနှံနှင့် နွေသီးနှံများကိုပါ စိုက်ပျိုးလာနိုင်မည်ဖြစ် ကြောင်း သိရသည်။

           

 

သန်းဌေးအောင်(ကနီ)