ယင်းမာပင် ၂၂ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမ၌ ယင်းမာပင်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ၊ ရုံးဝန်ထမ်းများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉နာရီခွဲက ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

 

mdn

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးအား စံ(၅)ချက်နှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးအနေဖြင့် ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်သန့်၏ ပြောပြချက်အရ သိရသည်။

 

ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှု၊ နိုင်ငံတကာအဖွဲ့အစည်း Institute For Democracy Electoral Assistance (ITEA) ၏ ထောက်ပံ့မှုဖြင့် ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ၊ ရုံးဝန်ထမ်းများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

 

mdn

 

အဆိုပါသင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစက်ဝန်းနှင့် မဟာဗျူဟာစီမံကိန်း ပန်းတိုင်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှုများကို စီမံခန့်ခွဲခြင်း၊ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားခြင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါ လုပ်ဆောင်ရမည့် ဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန်အချက်များကို ရှင်းလင်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။            

 

သန်းဌေးအောင်(ကနီ)