ယင်းမာပင် ၁၈ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာတွင် ကျေးရွာတွင်း ရေပေးဝေရေးအတွက် တိုင်းဒေသကြီး ဆင်းရဲမှုလျော့ချရေး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကွန်ကရစ် ရေစင်ဆောက်လုပ်နိုင်ရေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီက ကွင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျေးရွာရေပေးဝေရေး ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက နွေရာသီတွင် ကျေးရွာတွင်းရေပြတ်လတ်မှု မရှိစေရေးအတွက် တိုင်းဒေသကြီး ဆင်းရဲမှုလျော့ချရေးရန်ပုံငွေမှ ကွန်ကရစ်ရေစင် ဆောက်လုပ်နိုင်ရန် ရန်ပုံငွေချပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းက ရေစင်ဆောက်လုပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် အဖွံ့မှ ကျေးရွာရေပေးဝေရေး ကွန်ကရစ်ရေစင် ဆောက်လုပ်မည့် မြေနေရာကို ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာရေပေးဝေရေးနှင့် ကျန်းမာသန့်ရှင်းရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဘန့်ဘွေးကျေးရွာတွင် ကျေးရွာတွင်း ရေပေးဝေရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဆင်းရဲမှုလျော့ချရေး ခွင့်ပြုရန်ပုံငွေကျပ် ၆ ဒသမ ၅ သန်းဖြင့် ကွန်ကရစ်ရေစင် ဆောက်လုပ်မှာဖြစ်ပြီး ကျေးရွာတွင်းရေပိုက်လိုင်းများကို ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


