ယင်းမာပင် ၁၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် မင်းမကုန်းကျေးရွာတွင် မေ ၁၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများအား မေ ၁၄ ရက် နံနက် ၇ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်တွေ့ဆုံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီတို့က မီးဘေးသင့် အိမ်ထောင်စုဝင်များအား အားပေးစကားများ ကြောကြားခဲ့ကြသည်။
ယင်းသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် တစ်သိန်းနှင့် ဆန်(၁)အိတ်စီ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ မီးဘေးသင့်အိမ်ထောင်စု (၇)စုအတွက် ငွေကျပ်(၁၀)သိန်း၊ မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက အသုံးအဆောင်ပစ္စည်းများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားရာနေရာအား ကြည့်ရှုပြီး ပြန်လည်ထူထောင်ရေးများကို တနစ်တကျနှင့် အမြန်ဆုံးတည်ထောင်နိုင်ရေး ဒေသအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


