ယင်းမာပင် ၁၅ ဩဂုတ်
ယင်းမာပင်မြို့နယ် စက်မူလယ်ယာဦးစီးဌာန အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ADSP အစီအစဉ်ဖြင့် တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပုလဲမြို့နယ် လက်တောင်းကြီးကျေးရွာ ဧက ၁၀ဝ စိုက်ကွင်း တောင်သူ ဦးသန်းလှိုင်၏ လယ်မြေတွင် ပြုလုပ်သည်။
ကွင်းသရုပ်ပြပွဲတွင် ခရိုင်စက်မှုလယ်ယာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက တောင်သူများ အနေဖြင့် ရာသီဥတု ပြောင်းလဲလာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်သည့် လုပ်သားများ ရှားပါးလာခြင်း တို့ကြောင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးရန်မှ အခက်အခဲများနှင့် ကြုံတွေ့နေကြရကြောင်း၊ ဒီအခက်အခဲ များကို ကျော်လွှာနိုင်ရေးအတွက် တောင်သူများအနေဖြင့် ယခုလို လယ်ယာသုံး စက်ကိရိယာများ အသုံးပြု စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးစရိတ်များ သက်သာလာပြီး သီးနှံများ အချိန်မီ စိုက်ပျိုးလာနိုင်မည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးနည်းစနစ်များ ကောင်းမွန်သော လယ်ယာသုံး စက်ကိရိယာများကို အသုံးပြု ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ယင်းမာပင်မြို့နယ် စက်မူလယ်ယာဦးစီးဌာန အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူး ဦးတင်မိုက တောင်သူများအနေဖြင့် လယ်တစ်ဧကကို ကောက်စိုက်အလုပ်သမား ငှားရမ်းလျှင် ကုန်ကျမည့်ငွေနှင့် ကောက်စိုက်စက်ဖြင့် ကောက်စိုက်မည်ဆိုပါက ကုန်ကျစရိတ် သက်သာသည့်အပြင် အချိန်ကုန်လဲသက်သာပြီး စပါးများကို အချိန်မီစိုက်ပျိုးနိုင်သည့်အတွက် ယခုလို တောင်သူပညာပေး သရုပ်ပြစိုက်ပျိုးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လက်တောင်းကြီးကျေးရွာ ဧက(၁၀ဝ)စိုက်ကွင်းတွင် တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ စိုက်ပျိုးရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လက်တောင်းကြီးကျေးရွာနှင့် အခြားကျေးရွာများမှ စိတ်ပါဝင်စားသော တိုင်သူများ တက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


