နေပြည်တော်၊ ဩဂုတ် ၂၃            

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၌ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံရေးဂိတ်အား ဝင်ရောက်ဖျက်ဆီးမီးရှို့၍ ဂိတ်တာဝန်ကျ ကုမ္ပဏီ ဝန်ထမ်းများကို ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာအနီး မုံရွာ - ယာကြီး - ကလေးဝသွား ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် ၃ ဖာလုံရှိ “မုံရွာအုပ်စု” ကုမ္ပဏီပိုင်ဆိုင်သည့် တန်ပိုယာဉ် ဖြတ်သန်းခ ကောက်ခံရေးဂိတ်သို့ PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အင်အား ၁၀၀ ဦးခန့်က မျက်နှာဖုံးများစွပ်လျက် လက်နက်ကိုင်များ ကိုင်ဆောင်ရောက်ရှိလာပြီး ဂိတ်တာဝန်ကျ ကုမ္ပဏီဝန်ထမ်းများကို ကားလမ်းပေါ်တွင် ခေါင်းငုံ့ဒူးထောက်မှောက်ခိုင်းကာ တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံရေး ဂိတ်အဆောက်အဦ ၂ လုံးအား တုတ်၊  ဓား၊ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံးတို့ဖြင့် ထုရိုက်ဖောက်ခွဲ ဖျက်ဆီး၍ ကုမ္မဏီဝန်ထမ်းများနေထိုင်သော အဆောက်အဦ ၄ လုံးနှင့် မော်တော်ယာဉ် ၂ စီးတို့ကို ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၂ နာရီခွဲတွင် အဆိုပါ PDF အကြမ်းဖက်အဖွဲ့များ ပြန်လည်ထွက်ခွာခဲ့သည်။

 

mdn

 

ထိုသို့အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုကြောင့် အဆောက်အဦ ၆ လုံးနှင့် မော်တော်ယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက်သူများ၏ရိုက်နှက်မှုကြောင့် ကုမ္ပဏီဝန်ထမ်းအမျိုးသား ၁ ဦး တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

 

အထက်ပါဖြစ်စဉ်မှ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို ဖမ်းဆီးရမိရေး နယ်မြေခံ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်