ယင်းမာပင် ၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများကို ကျေးရွာပေါင်း ၁၆ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာ တစ်ရွာလျှင် ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ စီဖြင့် ကျေးရွာ ၁၆ ရွာမှ ဆောင်ရွက်မည့်လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီများက ကိုယ်တိုင်ဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်ကြရမည်ဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယင်းမာပင်မြို့နယ် အတွင်းမှ နဘူးတောကျေးရွာ၊ မြို့ကြီး၊ တံခါးရင်း၊ စုန်ကျင်း(လ)၊ အုန်းတော၊ လက်ခုပ်ပင်၊ အောင်ချမ်းသာ၊ အိုးဘို၊ နုံးတန်း၊ လာဘို့၊ ပေါင်းဝ၊ သမင်သတ်၊ ချောင်းဆုံ၊ သစ်ရာပင်၊ မြို့ပေါ်ကျေးရွာနှင့် သာစည်ကျေးရွာတို့တွင် စီမံကိန်းရေးဆွဲဆောင်ရွက်မည့် ကျေးရွာများအဖြစ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကော်မတီများက ပေါင်းစပ်ညှိနှိုင်း၍ သတ်မှတ်လျာထားဆောင်ရွက် ထားရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းက ပြောသည်။
ယင်းမာပင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယင်းမာပင်မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း (၁၄)ရွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စစ်တမ်းများအရ သိရသည်။
သန်းဌေးအောင်(ကနီ)