ယင်းမာပင်  ၁၈ ဇူလိုင်


စစ်ကိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ ငါးမောင်းကျေးရွာတွင် စိုက်ပျိုးထားသော မိုးရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် စံပြကွက်အတွင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီက ငါးမောင်းကျေးရွာ ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ထုတ်စိုက်ကွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းနှင့် ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုတို့က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန္ဒာမိုးက ယင်းမာပင်မြို့နယ်၏ ဒေသဝမ်းစာ စားသုံးဆီဖူလုံမှုတွင် တောင်သူများ၏လက်တွင်ရှိကြောင်း၊ တောင်သူများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း တောင်သူများ၏ ကြိုးစားမှုအပေါ်မူတည်နေကြောင်း၊ သီးနှံအရည်အသွေးကောင်းပြီး ထွက်နှုန်းကောင်းမွန်ရေး၊ မျိုးသန့်မျိုးစေ့ထုတ် စံပြကွက်များမှ စပါးမျိုးသန့်များ ထွက်ရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ လက်တွေ့အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ တောင်သူများကိုယ်တိုင်က မျိုးသန့်မျိုးစေ့များ စနစ်တကျ ထုတ်လုပ်နိုင်ရေးတို့ကို ရှင်းလင်းပြောကြာပြီး ခရိုင်ပိုးမွှားတာဝန်ခံ ဒေါ်တင်ဆန်းက ပိုးမွှားအန္တရာယ်ကင်းစေရန်နှင့် ကြိုတင်ကာကွယ်နည်း၊ ပိုးသတ်ဆေးများစနစ်တကျ သုံးစွဲတတ်ရေးတို့ကို နည်းပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 


အဆိုပါ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲသို့ ယင်းမာပင်မြို့နယ်အတွင်းရှိ ညောင်ပင်ကြီးစုကျေးရွာ၊  လည်ငေါက်၊ သရက်ကန်၊ မြို့သစ်၊ ရင်ပေါင်တိုင်၊ အင်း၊ ဆင်စွယ်နှင့် ဆင်တဲကျေးရွာအုပ်စုများမှ တောင်သူများ တက်ရောက်ကြပြီး ထွက်ရှိသောမျိုးစေ့များကို ခရိုင်အတွင်းရှိ တောင်သူများအား ပြန်လည်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုထံမှ သိရသည်။


သန်းဌေးအောင်(ကနီ)