ယင်းမာပင်   ၂၃   ဖေဖော်ဝါရီ

 

ယင်းမာပင်ရေလျှံဇုန်အတွင်းရှိ ပုဂ္ဂလိကပိုင်ရေတွင်းများနှင့် သောက်သုံးရေတွင်း (၁၁၀၀)ကျော်အား မြေအောက်ရေ အလေအလွင့် မရှိစေရေးနှင့် ရေကိုစနစ်တကျအသုံးပြုကာ ထိန်းသိမ်းတတ်လာရေးအတွက် ရေလျှံတွင်းများအား အထောင်ပိုက်များနှင့် ရေဂိတ်ဘားများ တပ်ဆင်ပေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းထံမှ သိရသည်။

 

ယင်းမာပင်ရေလျှံဇုန်ကို ရေရှည်အသုံးပြုနိုင်ရန်နှင့် မြေအောက်ရေ လေလွင့်ဆုံရှုံးနေမှုများ ထိန်းသိမ်းရေး လုပ်ငန်းများကို ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကနေ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခု ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိကပိုင် စိုက်ပျိုးရေတွင်းနှင့် သောက်သုံးရေတွင်းများထဲမှ အထောင်ပိုက်နှင့် ဂိတ်ဘာများတပ်ဆင်နိုင်ရန် ကျန်ရှိသော တွင်း ၁၁၁၅ တွင်းကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

"ရေလျှံဇုန်အတွင်းမှာ မြေအောက်ရေထိန်းသိမ်းနိုင်ဖို့ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုများကို လျော့ချနိုင်ပြီး ရေလျှံဇုန်ကြီး ရေရှည်အသုံးပြုနိုင်ဖို့ တောင်သူတွေကို အသိပညာပေးတယ်၊ ပုဂ္ဂလိကပိုင် စိုက်ပျိုးရေတွင်းများနဲ့ သောက်သုံးရေတွင်းတွေကို ကွင်းဆင်းကောက်ယူ မှတ်တမ်းတင်ပြီး အရင်နှစ်ကစလို့ ရေတွင်းတွေကို အထောင်ပိုက်နဲ့ ရေဘားတွေ တပ်ဆင်ပေးတာ ဖြစ်ပါတယ်။ ရေကိုလည်းလိုအပ်မှ အသုံးပြုကြဖို့ မလိုအပ်တဲ့အချိန် ရေဘားတွေကို ပိတ်ထားကြဖို့ မှာကြားထားပါတယ်၊ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကတော့ ပုဂ္ဂလိကပိုင် စိုက်ပျိုးရေတွင်းနဲ့ သောက်သုံးရေတွင်း ၉၈၃ တွင်းကို တပ်ဆင်ပြီးသွားပါပြီအခုဘဏ္ဍာရေးနှစ်မှာ ကျန်တဲ့ရေတွင်းတွေကို တပ်ဆင်ပေးနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အဲ့ဒီကျန်ရေတွင်းတွေ အထောင်ပိုက်နဲ့ ရေဘားတွေ တပ်ဆင်ပေးနိုင်ဖို့ တင်ပြထားပါတယ်၊ ခွင့်ပြုချက်ရတာနဲ့ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်း က ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ယင်းမာပင်ရေလျှံဇုန်အတွင်း ကျန်ရှိနေသော ရေလျှံတွင်းများအနက်မှ ပုဂ္ဂလိကပိုင် စိုက်ပျိုးရေတွင်း ၇၄၄ တွင်းနှင့် သောက်သုံးရေတွင်း ၃၇၁ တွင်းအား အထောင်ပိုက်နဲ့ ရေဘားများ ထပ်မံ တပ်ဆင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းမာပင်ရေလျှံဇုန်အတွင်း ၂၀၁၉ ခုနှစ်အကုန်အထိ ကွင်းဆင်းကောက်ယူမှု မှတ်တမ်းများအရ ဌာနပိုင်ရေလျှံတွင်း ၄၅၀ တွင်း၊ ပုဂ္ဂလိကပိုင် စိုက်ပျိုးရေတွင်းနှင့် သောက်သုံးရေတွင်း ၂၉၄၀ တွင်းရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဌာနပိုင်တွင်း ၄၅၀ တွင်း၊ ပုဂ္ဂလိကပိုင် စိုက်ပျိုးရေတွင်း ၆၃၁ တွင်းနှင့် သောက်သုံးရေတွင်း ၃၅၂ တွင်းအား အထောင်ပိုက်နှင့် ရေဘားများ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သန်းဌေးအောင်(ပြန်/ဆက်)