ယင်းမာပင်၊ ၂၃     ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းတည်ရှိသော ယင်းမာပင်ရေလျှံဇုန်ကြီး ရေရှည်တည်တံ့နေစေရေး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ဦးစီး အရာရှိ ဦးမျိုးနိုင်ဦး ထံမှ သိရသည်။

 

အရင်က စနစ်တကျ ထုတ်ယူသုံးစွဲခြင်းမရှိသဖြင့် ယခုလက်ရှိအချိန်တွင် တွင်း(၅၀ဝ)သည် ရေလျှံခြင်း မရှိတော့ကြောင်း ကျန်ရှိသောရေလျှံတွင်း (၂၄၁၄)တွင်းကို ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၏ ကြီးကြပ်မှုဖြင့် ပိုက်ထောင်ခြင်းနှင့် ဂိတ်ဘားတပ်ဆင်ခြင်းတို့ကို လုပ်ဆောင်ပေးထားကြောင်း သိရသည်။       

 

mdn

 

ယင်းမာပင် ရေလျှံဇုန်ကြီးက ဒေသအတွက် သဘာဝက အလိုအလျောက်ပေးအပ်ထားတဲ့ တန်ဖိုး မဖြတ်နိုင် တဲ့ မြေအောက်ရေသယံဇာတ သိုက်ကြီးတစ်ခုဖြစ်တယ်၊ အဲဒိမြေအောက်ရေ သယံဇာတသိုက်ကြီး ရေရှည်တည်တံ့ပြီး နောင်သားစဉ်မြေးဆက် အဆက်ဆက် ထုတ်ယူသုံးစွဲနိုင်ဖို့ ဌာနတစ်ခုတည်းရဲ့အားနဲ့ လုပ်ဆောင်ဖို့ မလွယ်ကူဘူး၊ ဒေသအာဏာပိုင်တွေ၊ ရေလျှံဇုန်ကို အသုံးပြုနေတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ကြမှ ရေရှည်တည်တံ့နိုင်မှာဖြစ်တယ်၊ ရေလျှံဇုန်အတွင်းမှာ အရင်က ရေလျှံတွင်းတွေကို ဖွင့်ထားကြတယ်၊ တစ်ချို့တွေက အသုံးမပြုတဲ့အချိန်မှာ တွင်းတွေကို ပိတ်ပြီးထားတဲ့အတွက် တွင်းပိတ်တာတွေဖြစ်ပြီး ရေလေလွင့် ဆုံးရှုံးမှုများပြီး ရေလျှံတွင်း အတော်များများ ရေမလျှံတဲ့အထိ ဖြစ်လာတယ်၊ အဲဒိလိုဖြစ်ပါများလာမယ်ဆိုရင် ရေလျှံဇုန်ကြီးက မကြာခင်ကာလမှာ ပျက်စီးသွားမှာဖြစ်တဲ့အတွက် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်တာဖြစ်ပါတယ် ” ဟု ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးက ပြောသည်။

 

ရေလျှံဇုန်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များဖြစ်သော ရေလျှံဇုန်ဆိုင်ရာ အသိပညာဗဟုသုတမျှဝေခြင်း၊ ရေလျှံတွင်းများအား ဂိတ်ဘားတပ်ဆင်ခြင်းနှင့် ပိုက်ထောင်ပေးခြင်း၊ ရေလျှံတွင်းအသစ်များ ထပ်မံတူးဖော်ခြင်း များကို ထိန်းချုပ်နိုင်ရေး၊ ထုတ်ယူသုံးစွဲမှု Discharge နှင့် ပြန်လည်ဖြည့်တင်းမှု Recharge ကိုထိန်းညှိခြင်းစသည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်သည်။

 

ဝင်းဦး(ဇေယျာတိုင်း)