ညောင်ဦး ၃၁ ဇန်နဝါရီ
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယွန်းပညာကောလိပ်(ပုဂံ)တွင် မြန်မာ့ယွန်း လက်မှုအနုပညာပြပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းက မြန်မာ့ယွန်းလက်မှုအနုပညာပြပွဲ ကျင်းပပြုလုပ်ခဲ့မှု သမိုင်းကြောင်းများကို ရှင်းလင်းပြီး ယွန်းထည် ပြပွဲများကို ယွန်းထည်လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ဈေးကွက်ရရှိရေးနှင့် ယွန်းထည်လုပ်ငန်းရှင်များ၊ ယွန်းပညာရှင်များ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စည်းလုံညီညွတ်မှု ရှိစေရန်၊ မြန်မာ့ယွန်းထည် လက်မှုအနုပညာရပ်များ မတိမ်ကောမပျောက်ပျက်အောင် အစဉ် ထိန်းသိမ်းတတ်စေရန်နှင့် ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်၍ အရည်အသွေး ပိုမိုကောင်းမွန်လာအောင် ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လျက် မြန်မာ့ယွန်းလက်မှုအနုပညာပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ယွန်းထည်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်က မြန်မာ့ရိုးရာပန်း ၁၀ မျိုး အတတ်ပညာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ယွန်းအတတ်ပညာသည် သားစဉ်မြေးဆက် ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့သော ယဉ်ကျေးမှုအနုပညာ တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ယွန်းထည်ကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် တမူထူးခြားစွာ ထုတ်လုပ်ပြီး အရှေ့တောင်အာရှမှသည် နိုင်ငံတကာအထိ ဂုဏ်သရေရှိစွာ ထိုးဖောက်စေရန် ယွန်းပညာရှင်များ၊ ယွန်းထည်လုပ်ငန်းရှင်များ အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ယွန်းထည် လက်မှုအနုပညာကို ပြည်တွင်းပြည်ပ ခရီးသွားများနှစ်သက်မှု တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာလျက်ရှိကြောင်း၊ မြန်မာ့ယွန်းပညာရှင်များ၊ ယွန်းလုပ်ငန်းရှင်များကလည်း မြန်မာ့ရိုးရာယွန်း ထည်ပစ္စည်းများကို အရည်အသွေးမီထုတ်လုပ်ကြရန် တိုက်တွန်းပါကြောင်းပြောသည်။
ထို့နောက် ယွန်းပညာကောလိပ် (ပုဂံ) မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်စုစုခိုင်က မြန်မာ့လက်မှု အနုပညာပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်း၊ မြန်မာ့ယွန်းထည်အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ယွန်းထည်ပစ္စည်းများ ခင်းကျင်းပြသထားသည့် ယွန်းနည်းစဉ်ခန်းမအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြသန်း၊ ညောင်ဦးခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူးဦးခင်ဇော်၊ မြန်မာ့ယွန်းထည်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ယွန်းပညာရှင်များ၊ ယွန်းထည်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ယွန်းပညာကောလိပ် (ပုဂံ) မှ ကျောင်းသားကျောင်းသူများနှင့် ပြည်တွင်းပြည်ပမှ မြန်မာ့ယွန်းထည် စိတ်ဝင်စားသည့် ခရီးသွားဧည့်သည်များ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ညောင်ဦး)