နေပြည်တော် ဖေဖော်ဝါရီ ၁၁
မြန်မာ့ရိုးရာ ယွန်းပညာရပ်များ သင်ကြားပို့ချနေသော ယွန်းပညာကောလိပ် (ပုဂံ) ၏ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကောလိပ်၌ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုး က အမှာစကားပြောကြားပြီး (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရကြသော ထူးချွန်ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ယွန်းပညာကောလိပ်(ပုဂံ)၊ ကျောင်းအုပ်ဆရာမကြီးက သင်ကြားပို့ချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသားကျောင်းသူများ၏ ယွန်းထည်ပြုလုပ်ပုံ အဆင့်ဆင့် လက်တွေ့သင်ယူနေမှုကိုအားပေးကာ ယွန်းပြတိုက်အတွင်း ခင်းကျင်း ပြသထား သော ရှေးဟောင်းယွန်းထည်များကို ကြည့်ရှုလေ့လာပြီး ကျောင်းသားကျောင်းသူ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညောင်ဦးမြို့နယ်၊ နတ်သမီးကမ်းပါး မြစ်ရေတင် စီမံကိန်းမှ ကျေးရွာ (၁၀၅) ရွာသို့ ရေပေးဝေလျက်ရှိသည့် ကျေးလက်ရေ ပေးဝေရေး လုပ်ငန်းကိုလည်းကောင်း၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ အနော်ရထာဆီစက် သို့လည်းကောင်း၊ ညောင်ဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရေပေးရေး နည်းပညာသင်တန်းကျောင်းသို့လည်းကောင်း၊ ကျောက်ပန်းတောင်း မြို့နယ်၊ ကန်ရဲကျေးရွာ၌ စက်ရေတွင်း တူးဖော်ပြီးစီးမှုကိုလည်းကောင်း၊ ခပေါင်းကုန်း-တံခွန်တိုင်-တလင်းကုန်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်