ပုဂံ ၂ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ ယွန်းပညာကောလိပ်(ပုဂံ)တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယွန်းပညာကောလိပ်တွင် ပြသထားသည့် မြန်မာ့ယွန်းလက်မှုအနုပညာပြပွဲသို့ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်လေ့လာကြည့်ရှုသူများပြားလျှက်ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာ့ယွန်းလက်မှုအနုပညာပြပွဲအား ဇန်နဝါရီ ၃၁ ရက်နေ့မှစတင်ပြသလာခဲ့ရာ ဖေဖော်ဝါရီ ၂ ရက် နေ့တွင်လည်း ပြပွဲသို့လာရောက်လေ့လာကြသည့် ပြည်တွင်းပြည်ပဧည့်သည်များ ကျောင်းသားကျောင်းသူများစိတ် ဝင်တစားလာရောက်လေ့လာသူ များပြားနေကြောင်း ယွန်းပညာကောလိပ်(ပုဂံ)မှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုခိုင်က ပြောသည်။ ယွန်းနည်းစဉ်ခန်းမတွင် ပြသထားသည့် ပုဂံဒေသရှိ ယွန်းလုပ်ငန်းရှင်များကိုယ်တိုင် မိမိတို့ ယွန်းဆိုင်များတွင်ရောင်းချသည့် ယွန်းပစ္စည်းများ၊ ရှေးကျသည့် တန်ဖိုးကြီး ယွန်းပစ္စည်းများ၊ရွှေဖြင့်ရောစပ်လုပ်ထား သည့်မြန်မာ့ယွန်းဆွမ်းအုပ်များ၊ ရှေးခေတ်ဘုန်းတော်ကြီးများ ဆွမ်းခံကြွရာတွင် နောက်မှ ကပ္ပိယများ(ဘုန်းကြီးကျောင်း)သားထမ်းသည့် ဆွမ်းအုပ်ကြီးနှစ်ခုနှင့် မှန်စီရွှေချ ဆိုင်းထမ်း(ထမ်းပိုး)တို့ကို ကြည့်ရှု့လေ့လာသူများပြားကြကြောင်း သိရသည်။

ပြည်ပခရီးသွားဧည့်သည်များသည် မြတ်မွန်ယွန်းထည်လုပ်ငန်းမှ ပြသထားသည့် ကမ္ဘာ့အကြီးဆုံးယွန်းဆွမ်းအုပ်ကြီးကို အလွန်စိတ်ဝင်စားကြကာ ယွန်းဆွမ်းအုပ်ကြီးပတ်လည်တွင် ရေးထိုးထားသည့် ဇာတ်ကောင်ရုပ်လွှာများ မဟောသဓ ဇာတ်တော်ရေးဆွဲထားသည့် ဝတ်စားဆင်ယင်ပုံများကို မှတ်သားလေ့လာကြကာ လိပ်စာကတ်ထည့်သည့် ယွန်းထည်များကို အများဆုံးဝယ်ယူသွားကြကြောင်း ယွန်းထည်လုပ်ငန်းရှင် တစ်ဦး ပြောကြားချက်အရ သိရသည်။

ပြည်တွင်းခရီးသွားများမှာ ယွန်းလ္ဘက်ခွက်နှင့်ဧည့်ခန်းတွင်အလှထားရန် ယွန်းဆွမ်းအုပ်များကို အများဆုံးဝယ်ယူကြကြောင်းနှင့် ယွန်းလက်ကောက်များကို အမှတ်တရဝယ်ယူဝတ်ဆင်ကြကြောင်း သိရသည်။

မြန်မာ့ယွန်းလက်မှုအနုပညာပြပွဲအား ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်နေ့ထိ သုံးရက်တိုင်တိုင်ပြသခဲ့ရာ ယွန်းထည်ပစ္စည်းအမျိုးအစား စုံလင်စွာပါဝင်ပြသကြပြီး ယွန်းပစ္စည်းပေါင်း(၄၀)ကျော် ပြသခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း
