ယဉ်ကျေးမှုအမွေအနှစ်များတည်ရာ စံကားမြို့ဟောင်း

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

စံကားကျေးရွာသည် ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးကန် တောင်ဘက်ပိုင်းတွင် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၉ ဒသမ ၅၂၅၂ မိနစ်နှင့် အရှေ့ လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၅၆ ဒသမ ၄၇၇၄ မိနစ်ကြားတွင်တည်ရှိသည်။ ရှေးယခင်က စံကားစော်ဘွားများ အုပ်ချုပ်သော စကားနယ်ဒေသ ဖြစ်ခဲ့သည်။ စတုရန်းမိုင်ပေါင်း ၃၅၀ ကျယ်ဝန်းသည်။

 

မြောက်ဘက်တွင် ညောင်ရွှေ၊ အရှေ့ဘက်တွင် ဆားထောင်၊ တောင်ဘက်တွင် နမ်းတုတ်နှင့်စကွယ်၊ အနောက်ဘက်တွင် လွယ်လုံ (ပင်လောင်း) နယ်တို့အကြားတွင် တည်ရှိသည်။ ညောင်ရွှေမြို့မှ ရေမိုင် ၃၇ မိုင်အကွာ ဘီလူးချောင်း၏ အရှေ့ဘက်နှင့် အနောက်ဘက် တစ်ဖက်တစ်ချက် ကမ်းပေါ်တွင် စံကားကျေးရွာတည်ရှိသည်။

 

ပုထိုးတော်တည်တော်မူခဲ့

 

အဘယ်ကြောင့် စံကားဟုခေါ်ဆိုသည်ကို လေ့လာကြည့်ရာတွင် စံကားမြို့ကို ကျိုင်းဟဲစော်ဘွား စဝ်ပြားစဲ၏ညီတော် စဝ်ပြားလဲက နောက်ပါ ယွန်းရှမ်းလူမျိုးများဖြင့် မြန်မာသက္ကရာဇ် ၈၄၁ ခုနှစ်၊ ခရစ်နှစ် ၁၄၇၉ ခုနှစ်တွင် လွယ်နွံဘုရားကုန်း အရှေ့မြောက်အရပ်တွင် (ပန်လုံမြို့) ဟု သတ်မှတ်ပြီး မြို့တည်၍ အုပ်ချုပ်စိုးစံခဲ့သည်။ မြို့၏အလယ်ဗဟိုတွင် တရုတ်စံကားသား အနှစ်ဖြင့် မြတ်စွာဘုရား ဆင်းတုတော်ထုလုပ်ပြီး မဟာတံတိုင်းနှင့်တကွ မြတ်စွာဘုရား၏ စရိယဓာတ်တော် အစစ်နှင့် ဌာပနာသွင်း၍ ပုထိုးတော်တည်တော်မူခဲ့သည်။ ပုထိုးတော်ကို စံကားရွှေဂူဘုရားဟု လည်းကောင်း၊ နယ်မြေကို စံကားနယ်မြေဟုလည်းကောင်း သမုတ်တော်မူသည်။ စဝ်ပြားလဲလက်ထက် စံကား၏ နယ်နိမိတ်အပိုင်းအခြားမှာ အရှေ့သို့လားသော် မောက်မယ်နယ်မြေနှင့် ကျောခိုင်း၊ တောင်သို့လားသော် မိုးဗြဲနယ်မြေနှင့်ကျောခိုင်း၊ အနောက်သို့ လားသော်ကန့်ဖြူတောင်၊ ပေါင်းလောင်းအထိ၊ တောင်ငူကြေးတောင်မြေနှင့် ၎င်းလွယ်ပင် ကျယ်တောင်၊ ရေဝေရေလဲအထိ ရမည်းသင်း မြေနှင့်ကျောခိုင်း၊ မြောက်သို့လားသော် ညောင်ရွှေနယ်မြေနှင့် ကျောခိုင်းယူ၍ လေးရပ် သတ်မှတ်ထားတော်မူသည်။ နန်းမြဲမြစ်ချောင်း (ဘီလူးချောင်း)တွင် ဆည်ကန်မရှိသဖြင့် လယ်ရေများ ရယူရန် မြေတာရိုး အကြီးအကျယ်ဖို့၍ မြေတစ်လျှောက်ဖြင့် နန်းဟူး-လင်လန် ရေထွက်မှ လယ်ရေများ သွယ်ယူစေသည်။ အင်းဝခေတ် ထူပါရုံဒါယကာ နရပတိကြီး၏ သားတော်ပြည့်စုံမင်းသီဟသူ (၈၃၀-၈၄၂) မင်းလက်ထက်အချိန်က ဖြစ်ပေသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၉၁၇ ခုနှစ်၊ ခရစ်နှစ် ၁၅၅၅ ခုနှစ်တွင် စဝ်ပြားလဲကွယ်လွန်သည့်အချိန် အင်းဝမင်း ၁၆ ဆက်မြောက်မင်း မိုးဗြဲနရပတိ (၉၀၇-၉၁၃) မင်းနှင့်အပြိုင် ဖြစ်ခဲ့သည်။

 

အရိုက်အရာကို ဆက်ခံ

 

စဝ်ပြားလဲကွယ်လွန်ပြီးနောက် ၈၅ နှစ်ခန့် မင်းဆက်ပြတ်သွားခဲ့သည်။ ထိုအခါ ပင်လုံ မြို့သူမြို့သားများက တောင်ပေါ်မိန်းနှင့် မြောက်ပေါ်မိန်း ဆိုသူနှစ်ဦးကို မြို့မိမြို့ဖအဖြစ် အုပ်ချုပ်စေခဲ့သည်။ စဝ်ပြားလဲ၏ မြေးတော်ခွန်လူးကို သတိုးဓမ္မရာဇမင်းက ခန့်အပ်လွှာနှင့်အတူ စော်ဘွားအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထိုမင်းသည် ပန်လုံမြို့ မြောက်ဘက် ၁၂ မိုင်အကွာ ဘီလူးချောင်း အရှေ့ဘက်ကမ်းတွင် ဝိန်ကောက်မြို့သစ်ကို တည်ထောင်ပြီး အုပ်ချုပ်စိုးစံခဲ့သည်။ ထိုမှတစ်ဖန် ခွန်ဇူး၏ သားတော် ခွန်ဆိုင်သည် ဝိန်ကောက်မြို့၏ တောင်ဘက် နှစ်မိုင်အကွာတွင် မြို့သစ်တည်ခဲ့ ပြန်ပေသည်။ စံကားနယ်မြေကို ခွန်ဆိုင်၏ သားတော် စဝ်နော်မိုင်းက ဆက်ခံခဲ့သည်။ စဝ်နော်မိုင်း နတ်ရွာစံတော်မူသောအခါ သားတော် စဝ်နေထွန်းက ခမည်းတော်၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ၎င်းသည် ရန်သူများကိုနှိမ်နင်းရန် စကားနယ်တောင်ဘက်ပိုင်းတွင် ဟေဗြဲမြို့ဟု မြို့သစ် တည်တော်မူခဲ့သည်။ စကားနယ်သို့ ဝင်ရောက်လာသော ကရင်နီများကို ကွပ်မျက်ခဲ့သည်။ စဝ်နေထွန်း နတ်ရွာစံသောအခါ ကျန်ရစ်သော သားတော်များသည် ကိုယ်မနိုင်လွန်းသဖြင့် မြို့စားကြီးရိုက်ရာကို ညီတော်ခွန်ဖြူကဆက်ခံခဲ့သည်။ ခွန်ဖြူသည် ဟွေဖြဲမြို့တည်နေရာကို သဘောမကျသောကြောင့် စဝ်ပြားလဲကောင်းမှုတော် ရွှေဂူဘုရား တည်ရှိရာအရပ်ရှိ ဘုရားကို မြို့လယ်၌ထားပြီး (အေဒီ၁၇၇၄ ခု) မြန်မာသက္ကရာဇ် ၁၁၃၆ ခုနှစ် တော်သလင်း လပြည့်ကျော် ၆ ရက်(တနင်္ဂနွေနေ့) ညနေ ၄ ချက်တီးကျော် ၆ ဗီဇနာပြန် ပြည်တစ်ရာပြည့် မိဿလက်နက္ခတ် တစ်လုံး တစ်ပတ်ထက် လက္ခိုလျက်-ထိုနာရီ၏ တည်နက္ခတ်သော်ကား သရဝဏ်နက္ခတ်မွန်းတည့်ချိန်တွင် မြန်မာ သက္ကရာဇ် ၁၁၃၆ ခုနှစ်တွင် မင်းခွန်ဖြူသည် မြို့သစ်၏ အရှေ့မြောက်ဘက်တွင် မြို့ကိုတည်သည်။ မြို့တည်သောအခါ မြို့တစ်နေရာတွင် တရုတ်စံကားပင်ကြီး တွေ့ရှိ၍ ထိုစကားသားကို ဘုရားထု၍ ဌာပနာသွင်းပြီး စေတီတစ်ဆူ တည်ထားကိုးကွယ်လေသည်။ ထိုစေတီကို ရွှေဂူဘုရားစေတီတော်ဟု ခေါ်ဝေါ်သမုတ်ခဲ့ပေသည်။ စံကားသားဖြင့် ဘုရားဌာပနာသွင်း တည်သောကြောင့် စံကားမြို့ဟုခေါ်တွင် လာကြသည်။ စံကားမြို့ တည်သည်ကိုလည်း သင်္ကေတလင်္ကာစီပြီး “ဥဩစည်သူမင်း ခွန်ဖြူ (၁၁၃၆ ) ခုနှစ်”ဟု ခေါ်ဝေါ်သမုတ်ခဲ့ပေသည်။ စကားမြို့သစ် တည်ချိန်သည် တတိယအင်းဝခေတ် ဆင်ဖြူရှင်မင်းလက်ထက်တွင် ရှိသည်။ စံကားမြို့၌ မြို့ရိုး၊ တပ်ရိုး၊ ကျုံး၊ တံခါးမှစ၍ မြို့အင်္ဂါရပ်နှင့်ညီအောင် ပြုစုတော်မူသည်။ ယင်းနောက် မြို့ကို အင်္ဂါနေ့တွင် တံခါးအသစ် ထပ်မံပြုစုသည်။ အထက်ကသတ်မှတ်ထားသော စကားနယ်မြေ၏ တည်နေရာအကျယ် အဝန်းအတိုင်း (အေဒီ ၁၈၀၆) ခု မြန်မာသက္ကရာဇ် ၁၁၆၈ ခုနှစ် တပို့တွဲလဆန်း ၄ ရက်နေ့အထိ အနှောင့်အယှက်မရှိ အုပ်ချုပ်ခဲ့သည်။

 

ဘိုးတော်မင်းတရားခေါ် ဗဒုံမင်းသည် ကောဇာသက္ကရာဇ် ၁၁၄၇ ခုနှစ် ခရစ်နှစ် ၁၇၈၅ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ မြို့များအနက် မြို့ပေါင်း ၂၃၀ တွင် ရွှေဂူဘုရားများကို တည်ထားကိုးကွယ်စေသည်။ ရွှေဂူစေတီတော်များတွင် လိုဏ်သွင်းကိုးကွယ်စေရန် ကျောက်ဖြူဆင်းတုများဌာပနာရန် ဓာတ်တော် ရုပ်တုတော်များမှစ၍ ကုန်ကျစရိတ်များကို ဗဒုံမင်းက ပေးအပ်လေသည်။ စံကားကိုလည်း တစ်ဆူပေးပို့ခဲ့သည်။ တစ်နိုင်ငံလုံးရှိ အဆူ ၂၃၀ကို ညွှန်ကြားသည့် လ၊ ရက်၊ နေ့အချိန်တွင် တစ်ပြိုင်နက် ပန္နက်ချရသည်။ စံကားမြို့တွင် ရွှေဂူဘုရားကို မင်းခွန်ဖြူလက်ထက်တွင် စံကားမြို့နံစေတီ၌ တည်ထားကိုးကွယ်စေသည်။ စဝ်ပြားလဲ (၈၄၁ ခုနှစ်) တည်သော စကားနံစကားဘုရားသည် ဘိုးတော်ဗဒုံမင်း တည်သော ရွှေဂူဘုရားထက် နှစ်ပေါင်း ၃၀၆ နှစ် တည်ခဲ့သည်။ ညောင်ရွှေမြို့တွင် စော်ဘွားစပ်ယွန်းလက်ထက်၌ ယခု သာသနာ ဝိပုလ ရွှေဂူပရိယတ္တိ စာသင်တိုက်ကျောင်းရှိရာတွင် တည်ထားလေသည်။

 

ဘွဲ့ပေးအပ်

 

ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက် ခရစ်နှစ် ၁၈၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရှမ်းနယ် အကြီးအကဲများဖြစ်သည့် ညောင်ရွှေစော်ဘွားကို ကမ္ဘောဇဒေဝရာဇာဘွဲ့ကိုလည်းကောင်း၊ စံကားမြို့ကို သီရိသိုဟံဘွား ဘွဲ့ကိုလည်းကောင်း ပေးအပ်ခဲ့ပါသည်။ မင်းခွန်ဖြူ နတ်ရွာစံလွန်ပြီးနောက် သားတော် ခွန်ရီက ခမည်းတော်၏ အရိုက်အရာဆက်ခံခဲ့သည်။ မြို့စားကြီးခွန်ရီ လုပ်ကြံခံရပြီးနောက် ကျမိုင်းခွန်ကြွက်၏ ကိုယ်ရံတော် ပေါ့ဆာပန်း က ၎င်း၏သားတော်ဖြစ်သော ခွန်စုံမှာ ငယ်သေးသည့်အတွက် ပေါ့ဆာပန်းက ခေတ္တ စောင့်ထိန်းအုပ်ချုပ်ခဲ့ရသည်။ ခွန်စုံအသက် ၁၆ နှစ်ပြည့်သောအခါ မြို့ရွာကို စတင်စီမံ အုပ်ချုပ်ခဲ့သည်။ ခွန်စုံသည် မိုင်းစိတ်ကျမိုင်းကို ဓားနှင့်ထိုးသဖြင့် ဘုရင်က ခွန်စုံအားခေါ်ယူ၍ မန္တလေးတွင် အကျယ်ချုပ်ချထားခဲ့သည်။ ထိုအခါ စံကားမြို့ကို အုပ်ချုပ်ရန် မြို့စားကြီး ခွန်ရီ၏မြေး၊ ခွန်ဖူး၏သား ခွန်နဲအား မြန်မာဘုရင်က ခန့်အပ်တော်မူခဲ့သည်။ ခွန်နဲမှာဘုရင်အား တော်လှန်ပုံကန်သည်ဆိုသည့် စကားဖြင့် တိုက်ခိုက်ခံရသဖြင့် မြို့စားကြီးခွန်နဲသည် တောင်ငူမြို့ရှိ အင်္ဂလိပ်တို့ထံ ခိုလှုံခဲ့သည်။ အုပ်ချုပ်သူကင်းမဲ့နေသော စံကားမြို့ကို ပြန်လည်အုပ်ချုပ်ရန် မင်းတုန်းမင်းက အကျယ်ချုပ်နှင့်ထားသော ခွန်စုံအား စံကားနယ်အား ပြန်လည်အုပ်ချုပ်ရန် ပေးအပ်ခဲ့သည်။ (အေဒီ ၁၈၇၈ခု) မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ်တွင် အကျဉ်းချုပ်နှင့် သီပေါတွင် နတ်ရွာစံသည်။

 

စံကားမြို့နယ်ကို စောင့်ရှောက်ရန် ဘုရင်က မြေလတ်ဝန် ဦးတိုအား စေလွှတ်သည်။ ဦးတို ဘဝတစ်ပါးသို့ ပြောင်းသွားသောအခါ ဘုရင်က စစ်ကဲအောင်ပုအား စံကားနယ်မြေကို ကြည့်ရှုစောင့်ရှောက်ရန် စေလွှတ်ခဲ့ပြန်သည်။

 

အောင်ပုသည် အလွန်လောဘရမ္မက်ကြီးပြီး ကိုယ်ချင်းစာစိတ်မရှိ၊ အလွန်ရက်စက်သူဖြစ်သည့်အတွက် ဆင်းရဲသားများက မခံမရပ်နိုင်ဘဲ စစ်ကဲအောင်ပုနှင့် တကွ ၎င်း၏အခြွေအရံများကိုပါ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။

 

မင်းတုန်းမင်းသည် စံကားနယ်ကို အုပ်ချုပ်ထိန်းသိမ်းရန် စစ်ကဲအောင်တူအား စေလွှတ်ပြန်သည်။ ထိုစစ်ကဲအောင်တူသည် ခုနှစ်ရက်သာနေ၍ ဘဝတစ်ပါးသို့ ရွေ့လျားပြန်ပါသည်။ စံကားမြို့ကို ပြန်လည်အုပ်ထိန်းရန် (အေဒီ ၁၈၇၇ ခု) မြန်မာသက္ကရာဇ် ၁၂၃၉ ခုနှစ်တွင် စံကားမြို့စားကြီး ရာထူးကို ရှေ့တော်မှောက် ပြန်လည်ရောက်ရှိလာသော ခွန်နဲအား ပေးသနားတော်မူခဲ့သည်။ ခွန်ရဲနှင့်အတူ တွဲဖက်အုပ်ချုပ်ရန် စစ်ကဲတစ်ဦးကိုလည်း စေလွှတ်ခဲ့သည်။

 

(အေဒီ ၁၈၈၄ ခု) မြန်မာသက္ကရာဇ် ၁၂၄၆ ခုနှစ်တွင် ခွန်နဲနတ်ရွာစံတော်မူပြီး သားတော်စောပွင့်က ဆက်လက်စိုးစံခဲ့သည်။ (အေဒီ ၁၈၈၅ ခု) မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် သီပေါဘုရင်ကို အင်္ဂလိပ်တို့ ဆောင်ယူသောအခါ မြို့သားတို့သည် စောပွင့်နှင့်တကွ ၎င်း၏ မယ်တော်၊ အစ်မတော်တို့ကို မြို့မှနှင်ထုတ် လိုက်ကြသည်။ ထို့နောက် ခွန်စုံ၏သားတော်ကြီး စောစိန်ဖူးအား အင်းလေးနယ်မှ ကြိုဆိုပြီး မြို့စားအဖြစ် တင်မြှောက်ကြသည်။ ပြည်သူက တင်မြှောက်သော အရှင်ပင်ဖြစ်ပေသည်။

 

စောစိန်ဖူးကို (အေဒီ ၁၉၀၆ ခု) မြန်မာ သက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် အင်္ဂလိပ်ဘုရင်မင်းက စော်ဘွားရာထူး ခန့်တော်မူခဲ့ပြန်ပါသည်။ စော်ဘွားကြီး စောစိန်ဖူးသည် (အေဒီ ၁၉၀၉ ခု) မြန်မာသက္ကရာဇ် ၁၂၇၁ ခုနှစ် ကဆုန် လဆန်း ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ အချိန်တွင် နတ်ရွာစံကံတော်ကုန်ခဲ့သည်။ (အေဒီ ၁၉၀၄ခု) မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တွင် သက်တော် ၂၂ နှစ်ရှိပြီဖြစ်သော ဧကဒသမ စောဝ်ခွန်ကြည်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံတော်မူခဲ့ပါသည်။ (အေဒီ  ၁၉၁၅ ခု) မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ်တွင် ဟော်သစ်ဆောက်လုပ်၍ ဒုတိယဝါဆိုလဆန်း  ၈ ရက်တွင် ဟော်သစ်ကို ပြောင်းရွှေ့ခဲ့သည်။

 

မင်းဆက် ၁၁ ဆက်

 

စံကားမြို့တွင် စံကားစော်ဘွားမင်းဆက် ၁၁ ဆက်ရှိခဲ့ရာ နောက်ဆုံးစော်ဘွားမှာ စဝ်ခွန်ကြည်ဖြစ်ပြီး စော်ဘွားကြီးသည် စံကား စော်ဘွားဖြစ်သည့် လူမျိုးစု လွှတ်တော်နာယက ရှမ်းပြည်နယ်ကောင်စီ သဘာပတိလူမျိုးစု လွှတ်တော်နာယကအဖြစ် အမှုတော်ထမ်းခဲ့သည်။ စံကားမြို့နယ်သည် ခရစ်သက္ကရာဇ် ၁၈၈၇ ခုနှစ်တွင် စတုရန်းမိုင်ပေါင်း ၃၁၄ မိုင်ရှိပြီး လူဦးရေမှာ ၁၄၃၁၅ ဦးအထိရှိခဲ့ပေသည်။ စံကားကျေးရွာ (ယခင်စံကားမြို့ဟောင်း) တွင် ရပ်ကွက်ခုနှစ်ရပ်ကွက်ရှိပြီး အိမ်ခြေပေါင်း ၁၈၀ ခန့်ရှိသည်။ ယခုအခါ စံကားကျေးရွာ တိုက်နယ်တွင် ကျေးရွာအုပ်စု ခုနှစ်အုပ်စုရှိသည်။

 

ပန်းပြင်အုပ်စုတွင် လွယ်မွန်းရွာ၊ နန်းတက်ရွာ၊ ဖာဟီရွာတို့ဖြစ်သည်။ လင်လံတောင်အုပ်စုတွင် တောင်ပိုကွဲရွာ၊ ညောင်လေးပင်ရွာတို့ဖြစ်သည်။ ရေပူကျေးရွာအုပ်စုတွင် ရေပူရွာ၊ လွိုင်နွဲ့ရွာ၊ ဘုရားတောင်ရေဆိပ်ရွာတို့ဖြစ်သည်။ လုံကန်အုပ်စုတွင် လုံကန်ရွာ၊ နမ့်ဆင်ရွာ၊ နမ့်တောင်းရွာ၊ သရက်အုပ်ရွာ၊ နမ့်ဟူးရွာ၊ ထီးကာရွာတို့ဖြစ်သည်။ အင်တန်းကျေးရွာ အုပ်စုတွင် မြို့ဟောင်းရွာ၊ ညောင်ပင်သာရွာ၊ သာယာကုန်းရွာ၊ လွယ်လောင်းရွာ၊ ကျောက်တန်းရွာ၊ နောင်ဗိုအနောက်ရွာ၊ ရေချို ရွာဟူ၍ ဖြစ်သည်။ ။

 

စံကားရွာလယ်တွင် မြို့နံစံကားစေတီ ရွှေဂူဘုရားရှိသည်။ ရှေးယခင်က ယွန်းရှမ်းလူမျိုးများ တည်ထားသည်ဟုဆိုသည့် စေတီ၊ ပုထိုး၊ ကျောင်းကန်များစွာကို ရွာပတ်လည်တွင် တွေ့ရသည်။ အချို့မှာ ပြိုကျပျက်စီးကုန်ပြီ ဖြစ်ပါသည်။ ရှေးအခါက စံကားမြို့တွင် ဘုန်ကြီးကျောင်း ကိုးကျောင်း ရှိခဲ့သည်။ ၎င်းတို့မှာ (၁) ကျိုင်းတောင်းကျောင်း၊ (၂) ဘီလူးနှစ်ကောင်ကျောင်း၊ (၃) ကျောင်းနီကျောင်း (ကျောင်းလျန်)၊ (၄) လေးမျက်နှာ ဘုရားကျောင်း၊ (၅) တောရကျောင်း၊ (၆) နှစ်ကျိပ်ရှစ်ဆူ ဘုရားကျောင်း၊ (၇) တွံ့ဟုန်းကျောင်း၊ (၈) အရှေ့ကျောင်း၊ (၉) ကျောင်းသစ်ကျောင်း (စော်ဘွားကိုးကွယ်သည့်ကျောင်း)ဟူ၍ ဖြစ်သည်။ ထိုကျောင်းအများစုတို့မှာ ပြိုပျက်ပြီး သံဃာတော်တို့ မရှိကြတော့ပေ။ ယခုအခါ ကျောင်းသစ်ကျောင်း (ခေါ်) မြို့မဘုန်းကြီးကျောင်း တစ်ကျောင်းတည်းသာ ရှိတော့သည်။

 

စံကားအင်း ပေါ်ပေါက်လာခဲ့

 

ယခင်စံကားနယ်ဖြစ်သော ဘီလူးချောင်းတစ်ဖက် တစ်ချက်တွင် ရွာများ၊ လယ်ယာများ များစွာရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် လောပိတရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် စံကားကျေးရွာ၏ တောင်ဘက် ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာဒေသတွင် ရေလှောင်ကန် ဆည်တမံကို ပြုလုပ်၍ ရေများကို ထိန်းသိမ်းသိုလှောင်ခဲ့ရာ ဘီလူးချောင်းတစ်လျှောက် ဒေသများ၌ ရေများမြင့်တက်လာပြီး လယ်မြေနှင့် ယာမြေများ နစ်မြုပ်ခံခဲ့ရသည်။ ထိုအချိန်မှစတင်၍ စံကားအင်း ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ရေအကြီးဆုံး နစ်မြုပ်ခဲ့၍ ရွာများအိမ်များ ဘီလူးချောင်း၏ အနောက်ဘက်ကုန်းပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ ယခင်တာခေါင်ရွာသည် ဘီလူးချောင်း၏ အရှေ့ဘက်ကမ်းတွင် ရှိပြီး ဘုန်းတော်ကြီး ကျောင်းနှင့်တကွ အလွန်စည်ကားစွာ တည်ရှိသည်ကို ဘီလူးချောင်း အရှေ့ဘက် ကမ်းစပ်တွင်ရှိသည့် ပေါ်ကုန်းကျောင်း၏ ရေသိမ်ပျက်က သက်သေခံလျက်ရှိပါသည်။

 

တည်ထားပူဇော်

 

တကျ၊ တက်ကျ၊ တက်ထောင်ဘုရား သို့မဟုတ် တာခေါင်မွေတော်ဘုရားသည် မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ် အလောင်းစည်သူမင်းကြီးသည် ဘီလူးချောင်းအတိုင်း တောင်ဘက်သို့ စုန်ဆင်းသွားရာ ရှစ်မိုင်ခန့်ဝေးသော စံကားကျေးရွာ၊ ဘီလူးချောင်းအနောက်ဘက် ကမ်းစပ်ကုန်း ကမူလေးတွင် ထိုစေတီတော်အတွင်း၌ ကျောက်မျက်ရတနာ စိန်ပတ္တမြားနှင့် မြတ်စွာဘုရား၏ သရီရဓာတ်တော်တို့ကို ထည့်သွင်းဌာပနာ ပူဇော်ခဲ့သည်။ ထိုဘုရားစေတီတော်ကို တကျ၊ တက်ကျ ဟုခေါ်ခြင်းမှာ အလောင်းစည်သူမင်းကြီးသည် မောဘီဘုရားစေတီ တည်ထားပူဇော်ပြီးသည့်နောက် တောင်အရပ်သို့ ဘီလူးချောင်းအတိုင်း စုန်ဆင်းလာရာ စံကားကျေးရွာအရောက် ဘီလူးချောင်း အနောက်ဘက် ကမ်းစပ်သာယာကုန်းအနီး ရောက်ခါနီးတွင် ဖောင်တော်သားထဲမှာ လှေလှော်သားတစ်ယောက်သည် မိမိလှော်ခတ်နေသော လှော်တက်မှာ လက်မှလွတ်ကျသွားလေရာ ထိုနေရာ၌ ဘုရားစေတီ တစ်ဆူတည်မည်ဟု မင်းကြီးမိန့်သောကြောင့် ထိုဘုရား၏ ဘွဲ့တော်ကို တကျ၊ တက်ကျ ဘုရားဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ထိုဘုရားစေတီတည်ပြီးသောအခါ ဖောင်တော်သားများက လှော်တက်ထောင်၍ အောင်ပြီး အောင်ပြီ ဟု တညီတညာတည်း ကောင်းချီးပေးကာ အော်မြည်ကြခြင်းကို အကြောင်းပြု၍ “တက်ထောင်” ဘုရားဟုခေါ်လာကြရာ ကာလရွေ့လျားလာသောအခါ “တက်ထောင်” မှ “တာခေါင်” ဘုရားဟု သက်ကြီးစကား သက်ငယ်များ မှတ်သားခေါ်ဝေါ်ကြလေသည်။

 

ထိုဘုရားစေတီတည်ပြီးနောက် အလောင်းစည်သူ မင်းကြီးသည် ဤသို့အဓိဋ္ဌာန်ပြုခဲ့သည်မှာ  -

 

“ဤငါတည်ထားသော တက်ကျ-တက်ထောင် - တာခေါင်ဘုရားအား ဆွမ်း၊ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ၊ ဆီမီး၊ ထီး၊ တံခွန်၊ ကြက်လျှာ၊ ပန်းပေါက်ပေါက် စသည့် လှူဒါန်းပူဇော်ခြင်း တံမြက်တံလင်း မြက်ပေါင်းရှင်း သုတ်သင်ကြသော ခုနစ်ရက်သားသမီးတို့သည် ငါကဲ့သို့ပင် စကြာသိဒ္ဓိအမျိုးမျိုးရရှိကြ၍ အဆုံးစွန်သောဘဝ၌ ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြစေသတည်း” ဟု သစ္စာအဓိဋ္ဌာန်ပြုကာ ဘုရားကိုလက်ယာရစ် သုံးပတ်လှည့်လျက် ရှိခိုးပူဇော်တော်မူခဲ့သည်။ အလောင်းစည်သူမင်းကြီး တည်ထားပြီးသည့်နောက် စော်ဘွားများ ဆရာတော်ကြီးများ မိဘဘိုးဘွားများနှင့် ဗုဒ္ဓသူတော်စင် အဆက်ဆက်တို့က စေတီတော်အား တိုးချဲ့ တည်ထား ကိုးကွယ်လာခဲ့ကြသည်။ ကောဇာသက္ကရာဇ် ၁၁၅၁ ခုနှစ်၊ ခရစ်နှစ် ၁၇၈၉ ခုနှစ် ဘိုးတော် ဗဒုံမင်း စံကားစော်ဘွားမင်း ခွန်ဖြူလက်ထက်တွင် ဆရာတော်ကြီးတစ်ပါးက ဦးဆောင်၍ စော်ဘွားများအဆက်ဆက်နှင့် ဒေသခံတိုင်းရင်းသားတို့က ပြုပြင်လှူဒါန်းခဲ့ကြသည်။ ယခုအခါ တာခေါင်မွေတော်ဘုရားကြီးတွင် စေတီပေါင်း ၂၃၆ ဆူရှိရာ စေတီကြီး ၇၆ ဆူ၊ စေတီငယ် ၅၄ ဆူ ငုတ်တို ဘုရားဖြင့် ကျန် ၁၀၆ ဆူတို့ကို တွေ့မြင်နိုင်ပေသည်။

 

ရှေးဟောင်းစေတီများဖြစ်

 

တာခေါင်တော်ဘုရားသည် အင်းတန်းကျေးရွာ အုပ်စုတွင် ပါဝင်သော သာယာကုန်းရွာ မြောက်ဘက် ကျောက်တန်းရွာ၏ တောင်ဘက်ကြား အလယ်တွင် တည်ရှိသည်။ တာခေါင်ဘုရား တည်ရှိရာ အင်းတန်းကျေးရွာ အုပ်စုတွင် ကျေးရွာပေါင်း ခုနှစ်ရွာရှိပါသည်။ မြို့ဟောင်းရွာ၊ ညောင်ပင်သာရွာ၊ သာယာကုန်းရွာ၊ လွယ်လောင်းရွာ၊ ကျောက်တန်းရွာ၊ အောင်ဆုထွေရွာ၊ ရေချိုရွာတို့ဖြစ်ကြ သည်။ တာခေါင်ဘုရား၏ တောင်ဘက်အနီးတွင် လွယ်လောင်းတောင်၌ ဒေသခံများ ပြုပြင်လှူဒါန်းသော စေတီတစ်ဆူရှိခဲ့ပြီး ယခုအခါတွင်တော့ မရှိတော့ပေ။

 

သာယာကုန်းရွာအနီး အင်းတန်းရေထွက်တောင်ပေါ်တွင် စေတီနှစ်ဆူရှိသည်။ ရှမ်းထီးဖြင့် တစ်ဆူ ဖူးတွေ့နိုင်၍ ရှေးဟောင်းစေတီများဖြစ်ကြသည်။ ကောဇာသက္ကရာဇ် ၁၃၀၁ ခု၊ ခရစ်နှစ် ၁၉၃၉ ခုနှစ်တွင် တောမီးစွဲရာမှ ကူးစက်လောင်ကျွမ်းသဖြင့် ဘီလူးချောင်း ရေစပ်မှ တာခေါင်ဘုရားခြေရင်းအထိ ဘုရားစောင်းတန်း ဘုရားအနီးမှ ဇရပ်တန်းလျှားကြီးများ ဘုရားဝတ်အဆောင်ကြီးများပါ ခြောက်ဆောင်၊ အငယ်စား အဆောင်အဦပေါင်း ၁၀ ဆောင်၊  ၁၅ ဘုံရှိ စောင်းတန်းနှစ်ခုတို့ပါ လောင်ကျွမ်း၍ ရှေးဟောင်းအမွေအနှစ်ဖြစ်သော အဆောက်အဦနှင့် ပစ္စည်းဘဏ္ဍာများ အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။

 

သွားရောက်လေ့လာ

 

ယခုအခါတွင် အလယ်တန်းကျောင်း၊ အထက်တန်း ကျောင်းရှိသည်။ ကျေးရွာဆေးရုံကို ယခင်က စံကားဟော် နန်းတော်နေရာတွင် အသစ်ဆောက်လုပ် ဖွင့်လှစ်ထားရှိသည်။ ထိုဆေးရုံအနီးတွင် ရဲစခန်းရှိပြီး ဈေးမှာ ရွာ၏ တောင်ဘက်ပိုင်း မော်တော်ဆိပ်ကမ်းတွင် တည်ရှိပေသည်။ တာခေါင်မွေတော် ဘုရားရှိ စေတီဘုရားများကို ခရစ်နှစ် ၁၉၆၈ ခုနှစ်မှစတင်၍ ခေတ်အဆက်ဆက် ပြုပြင်လှူဒါန်းမှုပြုခဲ့ကြပေသည်။ နှစ်စဉ် တန်ဆောင်မုန်းလရောက်တိုင်း အဝေးရောက် စံကားသားများ စံကားသို့ လာရောက်ကြပြီး စံကားမြို့သူ၊ မြို့သားများနှင့်အတူတကွ ကထိန်ခင်း တန်ဆောင်တိုင် အလှူပွဲ ကျင်းပလျက်ရှိကြပေသည်။ ထိုသို့သော ယဉ်ကျေးမှု အမွေအနှစ်များ ပေါများတည်ရာ စံကား မြို့ဟောင်းရှိရာဒေသ တာခေါင်မွေတော်ဘုရားသို့ အခါအခွင့်သင့်သော အချိန်ကာလတွင် သွားရောက်လေ့လာနိုင်ကြစေရန် လမ်းညွှန်ရေးသား ဖော်ပြလိုက်ရပါသည်။

 

ကိုးကား-

(၁) သောင်းတင်ရီ(သမိုင်းကျမ်းပြုစုသူ) - စံကားသမိုင်း

(၂) တာခေါင်မွေတော်ဘုရား သမိုင်းမှတ်တမ်း

(၃) ကိုယ်တိုင်ကွင်းဆင်းလေ့လာခဲ့မှုမှတ်တမ်း