မန္တလေး ၈ ဇူလိုင်
ယဉ်ကျေးမှုမြို့တော်မန္တလေးတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ရှေးဟောင်းစေတီပုထိုးများ၊ အဆောက်အဦများအပြင် ရိုးရာလက်မှုလုပ်ငန်းများ အများအပြားတည်ရှိလျက်ရှိသည်။ အဆိုပါ ရိုးရာလက်မှု လုပ်ငန်းများမှ ရှင်သန်ဆဲဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော မျက်ပါးရွှေဆိုင်းလုပ်ငန်းကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မျက်ပါးရပ်တွင် လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
ရိုးရာလက်မှုရွှေဆိုင်းလုပ်ငန်းသည် မန္တလေးမြို့တွင်သာတည်ရှိပြီး လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်သူ (၂၀ဝ)ဦးခန့်ရှိကြောင်း သိရသည်။ ရွှေအစစ်ကို အလွန်ပါးလွှာသော အလွှာလေးများဖြစ်အောင် ပြုလုပ်သောအလုပ်ကို ရွှေမျက်ပါးခတ်ခြင်း (သို့) ရွှေဆိုင်းခတ်ခြင်းဟု ခေါ်ဆိုကြသည်။
ရွှေဆိုင်းပညာရပ်သည် အနော်ရထာမင်းလက်ထက်ကတည်းက ရှိခဲ့ပြီး မွန်လူမျိုးတို့ထံမှ လက်ဆင့်ကမ်းသယ်ဆောင်လာသည်ဟု ခေတ်အဆက်ဆက်ရွှေဆိုင်းပညာရှင်တို့က ပြောဆိုခဲ့ကြောင်း၊ မြင့်မြတ်သော ဘုရား၊ စေတီပုထိုးများတွင် ကပ်လှူပူဇော်ခြင်းဖြစ်၍ ရွှေဆိုင်းများ ပါးလွှာအောင်လုပ်ရန် ‘တူ’ ထုခြင်း မတိုင်မီ လက်အုပ်ချီ ဂါဝရပြုလေ့ရှိကြောင်း၊ ယင်းနေရာတွင် ဆရာအစဉ်အဆက်ကို ပူဇော်အလေးထားသောအားဖြင့် အောင်သပြေနှင့် ညောင်ရေအိုးထားရှိခြင်း၊ ပန်းကန်ပြားပေါ်တွင် ငွေသားတင်ထားခြင်းနှင့် အုန်းပွဲ၊ ငှက်ပျောပွဲ လှူခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ရွှေဆိုင်းပြုလုပ်ရာတွင် ရှေးဦးစွာရွှေအတုံးကို အပူပေးပြီး နန်းဆွဲရကြောင်း၊ နန်းဆွဲပြီး ရွှေပြားများ ရရှိလာကြောင်း၊ အဆိုပါရွှေပြားများကို လိုချင်သောအရွယ်အစားများကိုက်ဖြတ်ကာ ရွှေဆိုင်းခတ်ရန်အတွက် ဝါးစက္ကူတစ်ထပ်၊ ရွှေတစ်ထပ် အဆင့်ဆင့်ထပ်ကာ နာရီဝက်ခန့်ကြာအောင်’’တူ’’ ဖြင့်ထုရိုက်ရကြောင်း၊ ထုရိုက်ပြီး ရွှေပြားများကို ခြောက်စိတ်ထပ်မံဖြတ်ကာ နောက်ထပ်နာရီဝက်ခန့်ထပ်မံထုရိုက်ရကြောင်း၊ ထို့မှတစ်ဆင့် ဝါးစက္ကူတစ်ထပ်၊ ရွှေတစ်ထပ်ဖြင့် အဆင့်ဆင့်ထပ်ကာ ရွှေဆိုင်းတစ်ထုပ်ကို ငါးနာရီကြာအောင်ဆက်လက် ထုရိုက်ရကြောင်း၊ တစ်နာရီဆိုရင် တူရိုက်တဲ့အချက်ရေပေါင်း(၂၁၆၀) ရှိကြောင်း၊အဆိုပါအဆင့်ဆင့်ပြုလုပ်မှုကို ပထမအဆင့်ပဆဖြတ်၊ ဒုတိယအဆင့် ပဆခွန်ပွတ်၊ တတိယအဆင့် ပဆတင်၊ စတုတ္ထအဆင့် စက္ကူပွတ်၊ပဉ္စမအဆင့်ရွှေတင်၊ဆဋ္ဌမအဆင့် ရွှေထိုး၊ သတ္တမအဆင့် ရွှေပြင်နှင့် နောက်အဆုံးအဆင့် ထုတ်ကုန်သို့ ရောက်ရှိအောင် အဆင့်ဆင့် ဆောင်ရွက်ရကြောင်း ၊ရွှေတစ်ကျပ်သားခန့်တွင် ရွှေဆိုင်းအချပ်ရေ (၇၀ဝ)ဝန်းကျင် ထွက်ရှိကြောင်း၊ ရွှေဆိုင်းပြုလုပ်သူများ ထံမှ သိရသည်။
ရွှေဆိုင်းစက္ကူပြုလုပ်မှုတွင် ထုတ်လုပ်သည့်စက္ကူအမျိုးအစားပေါ်မူတည်၍ ကုန်ကြမ်းအဖြစ် ဝါး(သို့)ကောက်ရိုးကို အသုံးပြုပြီး ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံပြောင်းလဲရကြောင်း၊ထို့ မှ တစ်ဆင့် အမျှင်(Fibre) ၊အဆီ(Wax) ကို ညှစ်ထုတ်သည်။ ဝါးကို နှီးဘဝပြောင်း၍ မဖောက်ထုံးနှင့် သုံးနှစ်ခန့် စိမ်ရကြောင်း၊ ထို့နောက်တွင်မှု ထုရိုက်သည့် လုပ်ငန်းစဉ်များပြုလုပ်ရကြောင်း၊ ထုရိုက်မှုများလေလေ ဖယောင်းဆီ တက်လေဖြစ်ကြောင်း၊ ထို့နောက် ပိုးစာပင်အခေါက်၊ ငါးဖမ်းပိုက်ကွန်အစုတ်၊ အဝတ်စုတ်၊ လျှော်ကြိုးပြတ်အပိုင်းအစများကို အသုံးပြု၍ အမျှင် များကို ဇကာပေါက်ပါသော ကားဘောင်တွင်ထည့်ကာ ရေနှင့်ရောနှောကြောင်း၊ ကားဘောင်ကို ရေမှဆယ်ယူသော် အလွှာပါးပါးနှင့် အချပ်လိုက်ဖွဲ့စည်းမှုရှိသော အမျှင်များရရှိပြီး အဆိုပါ ပျော့ဖတ်အမျှင်များကို ရေစစ်၊ အခြောက်ခံလိုက်သောအခါ တစ်မျှင်နှင့်တစ်မျှင်ထွေးယှက်နေသည့် အမျှင်များနှင့်ဖွဲ့စည်းထားသော စက္ကူရရှိကြောင်း၊ ရွှေခတ်စက္ကူပြုလုပ်ရာတွင် လုပ်ငန်းအဆင့်ပေါင်း(၂၄)ဆင့် ဖြတ်သန်းရကြောင်း ရွှေဆိုင်းစက္ကူ ပြုလုပ်သူများထံမှ သိရသည်။
မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သော ရွှေဆိုင်းခတ်ပညာရပ်သည် ယဉ်ကျေးမှုမြို့တော်မန္တလေးမြို့တွင်သာ တွေ့ရှိနိုင်ပြီး မိရိုးဖလာလက်မှုပညာဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွား လာရောက်လေ့လာ လျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)