မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံများက နိုင်ငံတစ်နိုင်ငံ၏တန်ဖိုးကို သတ်မှတ်ရာ၌ သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကာကွယ်ရေးစွမ်းပကား မြင့်မားမှုအတိုင်းအတာဖြင့် သတ်မှတ်ကြသည်။ စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေးစွမ်းပကားတို့တွင် ထိပ်တန်းနိုင်ငံအဖြစ်ရပ်တည်နေပါက ထိုနိုင်ငံကို အထင်ကြီးလေးစားကြသည်။ ထိုမျှသာမက အဆိုပါနိုင်ငံများ၏ သမိုင်းတန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုအခန်းကဏ္ဍကိုလည်း ထည့်သွင်းသတ်မှတ်လေ့ရှိသည်။
ထို့ကြောင့် နိုင်ငံများသည် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းရှည်လျားသည့် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြသည်။ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပြီး ဂုဏ်ယူဝင့်ကြွားကြသည်။ ကမ္ဘာ့နိုင်ငံများက အဆိုပါနိုင်ငံများကို လေးစားတန်ဖိုးထားကြသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီရှည်လျားခဲ့သည့် သမိုင်းမတင်မီနှင့် သမိုင်းဦးခေတ်ကာလများကတည်းက ယဉ်ကျေးမှုထွန်းကားခဲ့သော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ နေရာဒေသများစွာတွင် ကျောက်ခေတ်နှောင်း၊ ကြေးခေတ်၊ သံခေတ်စသည့် သမိုင်းဦးကာလအထောက်အထားများ အခိုင်အမာတွေ့ရှိထားပြီးဖြစ်သည်။
လူသားတို့ အသက်ရှင်နေထိုင်ရန် အဆင့်ဆင့်ကြိုးပမ်းခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ကိရိယာများ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အထောက်အထား အမှတ်အသားများ၊ ဂူနံရံဆေးရေးပန်းချီ၊ အနုသုခုမဆိုင်ရာတူရိယာပစ္စည်းများ အစရှိသည့် အထောက်အထားများကို အဆင့်ဆင့်တွေ့ရှိထားသည်။ လူအစုအဖွဲ့စုဝေးနေထိုင်ရာ ရေမြေသဘာဝကိုလိုက်၍ ဘာသာစကား၊ ဒေသိယအသုံးအနှုန်းများအပြင် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အလေ့အထများစွာတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထိုမှအဆင့်ဆင့်တက်၍ မြို့ပြနိုင်ငံငယ်များ၊ မြို့ရွာများ ဆင့်ကဲထူထောင်မှုများသာမက စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ် ရေးနှင့် ကာကွယ်ရေးစွမ်းပကားများ အဆင့်ဆင့်တိုးတက်မှုများရှိခဲ့သည်။
မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ပျူမြို့ပြနိုင်ငံငယ်များထွန်းကားခဲ့သည့် အစောဆုံးယဉ်ကျေးမှုများရှိခဲ့သည်။ ပျူခေတ်ဦးကို ပညာရှင်များက ဘီစီ ၂ ရာစုဟု သတ်မှတ်ခဲ့ကြသည်။ ယင်းထက်စော၍ သမိုင်းမှတ်တမ်းမတင်နိုင်သော ပထမတကောင်းမြို့ပြခေတ် ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ တကောင်း၊ ဟန်လင်း၊ မိုင်းမော၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့သည် ထင်ရှားသော ပျူမြို့တော်ဟောင်းများဖြစ်သည်။ ပျူတို့သည် ရေသွင်းစိုက်ပျိုးရေး၊ လက်မှုအတတ်ပညာ မျိုးစုံတတ်မြောက်ခဲ့ကြသည်။ ဒင်္ဂါးသွန်းလုပ်မှု၊ ကျောက်မျက်လက်ဝတ်တန်ဆာဖန်တီးမှု၊ ရွှေနန်းခတ်သည့်အတတ်ပညာ၊ စဉ့်အိုး၊ မြေအိုးအတတ် ပညာနှင့် နန်းတော်၊ ဘုရားကျောင်းကန်၊ နေအိမ်အဆောက်အအုံများကို စနစ်တကျတည်ဆောက်နိုင်ခဲ့ပြီး ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုများလည်း ထွန်းကားလာခဲ့ပြီး ဖြစ်သည်။
အေဒီ ၈၀၂ ခုနှစ်တွင် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ယဉ်ကျေးမှုချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ပျူအနုပညာရှင်များအဖွဲ့၏ တူရိယာ ၂၂ မျိုးနှင့်အတူ အဆင့်မြင့် စွာ ဖျော်ဖြေတင်ဆက်နိုင်ခဲ့သည့် အထောက်အထားမှတ်တမ်းများရှိသည်။ ပျူခေတ် ကို ဆက်ခံသည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့် ကုန်းဘောင် အစရှိသည့် ခေတ်အဆက်ဆက်တွင် ဘာသာသာသနာနှင့် စာပေယဉ်ကျေးမှု အနုသုခုမပညာရပ်များ အဆင့်ဆင့်ထွန်းကားခဲ့ပြီး ယနေ့မျက်မှောက်ကာလထိတိုင် ထိန်းသိမ်းထားနိုင်လျက်ရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေ၊ယဉ်ကျေးမှု၊အနုသုခုမပညာရပ်များကို ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်များတွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းစဉ်လာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့် ဦးတည်ချက်ကို အခိုင်အမာပြဋ္ဌာန်းထားသည်။ ယနေ့ကျင်းပလျက်ရှိသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် မြန်မာတို့၏ကိုယ်ပိုင် အဖိုးတန်ရတနာများဖြစ်သော အမျိုးသားယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းမြှင့်တင်ဖော်ထုတ်ပြသသည့် ပြိုင်ပွဲကြီးဖြစ်သည်။ ခေတ်ကာလအလျောက် ပေါ်ထွန်းခဲ့သည့် ရသမြောက်ခေတ်ဟောင်းတေး၊ ကာလပေါ်တေးများ အပြင်အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားခဲ့သည့်အမျိုးသားယဉ်ကျေးမှုများကို ဖော်ထုတ်သည့်ပွဲလည်းဖြစ်သည်။
သို့ဖြစ်ရာ သမိုင်းအစဉ်အလာကြီးမားသည့် မြန်မာတို့၏အမျိုးသားယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသည့် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ