ရန်ကုန် အောက်တိုဘာ ၂၁

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှကြီးမှူး၍ လန်ချန်း-မဲခေါင် ခရီးသွား မြို့များပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်အဖွဲ့( Lancang-Mekong Tourist Cities Cooperation Alliance) မူဘောင် ပိုမိုကောင်းမွန်ပြည့်စုံစေရန်နှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ဒေသတွင်းယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့ရေး နည်းလမ်းများညှိနှိုင်းဆွေးနွေးရန် လန်ချန်း-မဲခေါင်ခရီးသွားမြို့များ ပူးပေါင်း ဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံကျင်းမြို့၌ အောက်တိုဘာ ၂၀ရက်မှ ၂၂ရက်အထိ ကျင်းပလျက်ရှိသည်။

 

အဆိုပါ ညီလာခံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ  လန်ချန်း-မဲခေါင် မြို့တော်ဝန်များ ဖိုရမ်ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒေသတွင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများမှ အုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များနှင့်အတူ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။

 

အဆိုပါ မြို့တော်ဝန်များဖိုရမ်တွင် ရန်ကုန်မြို့တော်ဝန်က ကိုဗစ်အလွန်ကာလဒေသတွင်း ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရေးနှင့် လုံခြုံစိတ်ချရသည့်စနစ်များ ကျင့်သုံးနိုင်ရေး ဒေသတွင်းမြို့များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန်ဆွေးနွေး ကြမည်ဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတိုင်းတွင်ခရီးသွား လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး ကမ္ဘာ့စီးပွားရေး ပညာရှင်များအနေဖြင့်ခရီးသွားလုပ်ငန်းအတွက် အနာဂါတ်တွင် ဆောင်ရွက်မည့် အစီအစဉ်များကိုချမှတ်နိုင်ခြင်းမရှိသည့် အပြင်ကမ္ဘာ့ဘဏ်အနေဖြင့်လည်းအဖြစ် အပျက်များ အပေါ် သုံးသပ်ရန်ခက်ခဲလျက်ရှိသည်ကို တွေ့ရကြောင်း၊ မည်သို့ပင်ဆိုစေ မိမိတို့အနေဖြင့် ယခုပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ အခက်အခဲများကို ကျော်လွှားနိုင် လိမ့်မည်ဟုယုံကြည်ပါကြောင်း၊ ရန်ကုန်မြို့၏ ခရီးသွားလုပ်ငန်း အနေဖြင့်ရန်ကုန်မြို့သည် ရေကြောင်းမှဖြစ်စေ၊ လေကြောင်းမှဖြစ်စေ နိုင်ငံတကာ၏ ဝင်ပေါက်မြို့ဖြစ်သဖြင့် ခရီးသွားလုပ်ငန်းအပါအဝင် ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့သည် ရန်ကုန်မြို့ကြီးအား သန့်ရှင်းသော၊ စိမ်းလန်းသော၊ တရားမျှတသော၊ ခေတ်မီနည်းပညာ များဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ ကောင်းမွန်သောမြို့ကြီးဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း။

 

 ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ပြီး ယခုအခါ စီးပွားရေးအချက်အချာနေရာဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ကျော်ကြားထင်ရှားသည့် သမိုင်းဝင် ရွှေတိဂုံစေတီတော်ကြီးသည် အမျိုးသားတစ်ရပ်လုံး၏ ဂုဏ်ယူဖွယ်ရာဖြစ်သလို အမျိုးသားပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ကိုလိုနီခေတ်အဆောက်အဦးများ မြို့လယ်ရှိ တရုတ်တန်း၊ နေ့စဉ် လူနေမှုဘဝတွင် အလုပ်ရှုပ်နေကြသည့်ပြည်သူများ၊ အရောင်အသွေးစုံလင် သည့်လမ်း များ၊ ဈေးများကို အံ့ဩဖွယ် တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးကျောက်တိုင်၊ တရားရုံးချုပ်၊ မြို့တော်ခန်းမ၊ ဆူးလေစေတီတော်နေရာတို့သည် ခရီးသွားများလေ့လာရန် နေရာကောင်းများဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် စိမ်းလန်းမြေများစွာရှိသလို ရွှေတိဂုံစေတီတော်ကြီးသည် အဓိကမြို့ပြရှုခင်းပုံရိပ်ကြီးလည်း ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ဒေသတွင်း ကမ္ဘာ့ခရီးသွားများ ဆွဲဆောင်သည့်နေရာ များစွာရှိရာ ဒေသတွင်း နိုင်ငံများ၊ မြို့များအနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွား ကြရန် တိုက်တွန်းပါကြောင်း” ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)