ရန်ကုန် ၁၄ စက်တင်ဘာ
ယဉ်မျိုးစာအုပ်ပွဲတော်ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရုံး၏ ပထမထပ်ရှိ၊ ရွှေဥဒေါင်းခန်းမတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ကျင်းပရောင်းချ လျက်ရှိသည်။
“ဒီနေ့က ကျွန်တော်တို့ ယဉ်မျိုးစာပေနဲ့ အုန်းစောက စာအုပ်အဟောင်းနဲ့ ကျွန်တော်တို့ထုတ်တဲ့ စာအုပ်တွေပါတယ်၊ စာအုပ်အမျိုးအစားတွေက သုတ၊ ရသ၊ ပြည်တွင်း/ပြည်ပ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး အတွေးအခေါ်၊ နိုင်ငံတကာ၊ အတွေးအမြင် လက်ဝဲစာပေ ပါပါတယ်၊ ဈေးပွဲဖြစ်တဲ့အတွက် ၂၅ ရာခိုင်နှုန်းထိ လျှော့ပေးထားပါတယ်၊ တချို့စာအုပ်အဟောင်းတွေတော့ ၅၀ ရာခိုင်နှုန်းအထိ လျှော့ဖို့ ပြင်ဆင်နေပါတယ်၊ စာအုပ်ဟောင်းတော့ အကန့်အသတ်မရှိပါဘူး၊ စာအုပ်အသစ်တွေအနေနဲ့ အမျိုးအစားပေါင်း ၅၀ဝ ကျော်ပါတယ်၊ ရန်ကုန်မြို့လယ်ခေါင်မှာ အရင်တုန်းက ဒီလို စာအုပ်ပြပွဲ လုပ်မယ်ဆိုရင် ပန်းဆိုးတန်းက လောကနတ်တို့ရှိတယ်၊ အခုတော့ အခန်းကျယ်ကျယ်နဲ့ ပြချင်တဲ့အခန်းမရှိတော့ စာအုပ်သမားတွေအနေနဲ့ လုပ်ချင်တာတောင် ဘယ်မှာလုပ်ရမလဲ မသိဘူး၊ အခုလို ပြန်ကြားရေးဝန်ကြီးဌာနက အခမဲ့ဆိုတော့ တော်တော်အဆင်ပြေပါတယ်၊ ကျွန်တော့်သူငယ်ချင်း Gallery ကနေ ပန်းချီကားတွေပါ ပြထားပါတယ်၊ ဝယ်ချင်ရင် သူတို့နဲ့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်၊ ပြပွဲလာသူတွေကို အိတ်၊ စာအုပ် လက်ဆောင်လည်းပေးပါတယ်” ဟု စာအုပ်တိုက်ပိုင်းရင် ကိုယဉ်ထွန်း က ပြောသည်။
“ယဉ်ထွန်းစာပေက နိုင်ငံရေးစာပေ၊ လက်ဝဲစာပေတွေ အများဆုံးရောင်းတယ်၊ အရင် သိမ်ဖြူလမ်းစာအုပ်လမ်းမှာ ရောင်းရင်လမ်း ကိုယ့်မိတ်ဆွေ စာပေတိုက်သဘောမျိုးနဲ့ သူ့ဆိုင်မှာဝယ်နေကျ၊ အခုက မိတ်ဆွေ စာအုပ်တိုက်အနေနဲ့ လာအားပေးတာပါ” ဟု မင်္ဂလာဒုံမြို့နယ်မှ စာအုပ်လာဝယ်သူ ဦးခင်သန်းက ပြောသည်။
ရန်ကုန်မြို့ လမ်း ၄၀၊ ယဉ်ထွန်းစာပေမှ သုတ၊ ရသ၊ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ နိုင်ငံတကာ၊ အတွေးအမြင် လက်ဝဲစာပေများကို ပြီးခဲ့သည့် ၁၃ နှစ်ကျော်က ထုတ်ဝေဖြန့်ချိလျက်ရှိပြီး တစ်ဦးတည်း စာအုပ်ပြပွဲကို ပထမအကြိမ်ကျင်းပခြင်းဖြစ်ကာ စာအုပ်ပွဲတော်ကို စက်တင်ဘာ ၂၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း


