ကလျာမိုးမြင့်

 

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ကိုယ်စားလှယ်တစ်ဦး အဖြစ်နဲ့ လူကြိုက်များခြင်း ခံခဲ့ရတဲ့ မက်ဆာချူးဆက် ဆီးနိတ်လွှတ်တော်အမတ် အဲလိဇဘက်ဝါရန်ဟာ မတ် ၅ ရက်မှာတော့ သမ္မတ ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေတာကို စွန့်လွှတ်ကျောခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ပြိုင်ကွင်းထဲကနေ ၎င်းထွက်သွားခြင်းက ကျန်ရှိတဲ့ယှဉ်ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ မစ္စတာ ဂျိုးဘိုင်ဒင်နဲ့ မစ္စတာ ဘာနီဆန်းဒါးတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပွဲတစ်ပွဲအဖြစ်နဲ့ မြင်တွေ့ရစေတော့မှာပါ။

 

လူလတ်တန်းစားတွေအတွက် ဆက်လက်တိုက်ပွဲဝင်မယ်

 

သမ္မတရွေးချယ်ပွဲမှာ ဆက်ပြီးမပါဝင်တော့ဘဲ ရပ်ပစ်လိုက်ဖို့ ကျွန်မ ကြိုးစားနေတယ်လို့ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဥပဒေပြု လွှတ်တော်အမတ် ဝါရန်က လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ သို့သော်လည်းပဲ ဝင်ငွေမြင့်တယ်ဆိုပြီး အစိုးရထံကနေ အကူအညီရရှိဖို့ သတ်မှတ်ချက်မပြည့်မီတဲ့ နိုင်ငံတစ်ဝန်းက အလုပ်ကြိုးစားတဲ့ လူလတ်တန်းစား ပြည်သူလူထုအတွက်တော့ ဆက်လက်ပြီး တိုက်ပွဲဝင်နေဦးမယ်လို့ ကျွန်မအာမခံတယ်။ ဒါကကျွန်မရဲ့ ဘဝတိုက်ပွဲ တစ်ခုလည်းဖြစ်ခဲ့သလို ဆက်ပြီးတော့လည်း တိုက်နေဦးမှာ ဖြစ်တယ်လို့ ဝါရန်က မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ချ်မှာရှိတဲ့ ၎င်းရဲ့ နေအိမ်ပြင်ပမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

မထောက်ခံနိုင်သေး

 

သမ္မတရွေးကောက်ပွဲအတွက် ကျန်ရှိနေတဲ့ အဓိကယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်နှစ်ဦးဖြစ်ကြတဲ့ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကိုရော အသက် ၇၈ ရှိပြီဖြစ်တဲ့ လက်ဝဲသမား ဆီးနိတ် လွှတ်တော်အမတ် ဘာနီဆန်းဒါးကိုပါ ၎င်းအနေနဲ့ ထောက်ခံဖို့က အသင့်မဖြစ်သေးဘူး။ အဲဒီမိနစ်ပိုင်း အချိန်အတွက် ဆုံးဖြတ်ချက်ချဖို့ အချိန်နည်းနည်းလောက် ယူချင်သေးတယ်လို့လည်း ဝါရန်က ဝန်ခံခဲ့ပါတယ်။

 

သမ္မတရွေးကောက်ပွဲဆိုတဲ့ ပြိုင်ကွင်းထဲကနေ ဝါရန်ထွက်ခွာသွားမှုက ဒီမိုကရက်တစ် ကိုယ်စားပြု နယ်နိမိတ်အတွင်းမှာ အမျိုးသမီးဆိုလို့ တာလ်စီ ဂက်ဘက်ဒ် တစ်ဦးတည်းသာ ကျန်ရှိစေတော့မယ့် အခြေအနေ ဖြစ်လာစေခဲ့ပေမယ့်လည်း ဟာဝိုင်ရီကိုယ်စားပြု အမျိုးသမီး ကွန်ဂရက်လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ တာလ်စီကိုထောက်ခံသူ တစ်ရာခိုင်နှုန်းလောက်တောင် မရှိခဲ့လို့ သိပ်ပြီးအရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။

 

စိတ်မကောင်းဖြစ်

 

လာမယ့် နိုဝင်ဘာလမှာ ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတဒေါ်နယ်ထရမ့် နေရာကို ယှဉ်ပြိုင် အနိုင်ရယူမယ့် ဒီမိုကရက်တစ်အဖွဲ့ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေထဲမှာ အမျိုးသမီးတစ်ဦး မပါဝင်နိုင်တော့တာကို စိတ်မကောင်းဖြစ်မိတယ်လို့ ဝါရန်ကပြောပါတယ်။ ဒီကိစ္စမှာ အခက်ခဲဆုံး  အပိုင်းကတော့ ငယ်ရွယ်တဲ့ မိန်းကလေးတွေအားလုံးဟာ နောက်ထပ်လေးနှစ် ထပ်စောင့်နေရတော့မယ် ဆိုတဲ့အချက်ပဲလို့ ဆိုပါတယ်။

 

မင်နီဆိုးတား ဆီးနိတ်လွှတ်တော်အမတ် အမီကလိုဘူချာဟာဆိုရင်လည်း ယခုရက်သတ္တပတ် အတွင်းမှာပဲ ရွေးကောက်ပွဲကနေ ဖယ်ထုတ်ခံလိုက်ရပြီဖြစ်သလို နောက်ထပ် ကယ်လီဖိုးနီးယား ကိုယ်စားပြု အမျိုးသမီး ဆီးနိတ်လွှတ်တော်အမတ် ကမ်မလာဟာရစ်နဲ့ နယူးယောက်ကိုယ်စားပြု ခရစ်စတင်း ဂီလီဘရန်းတို့ဟာလည်း ရွေးကောက်ပွဲကနေ စောစောစီးစီးလက်လျှော့ ထွက်ခွာလာခဲ့ရပြီ ဖြစ်ပါတယ်။

 

ချီးမွမ်းခန်းဖွင့်

 

မစ္စတာဘိုင်ဒင်နဲ့ မစ္စတာဆန်းဒါးစ်တို့နှစ်ဦးလုံးကတော့ ပြိုင်ပွဲကနေထွက်လိုက်ပြီဖြစ်ကြောင်း ဝါရန်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီး နောက်တွစ်တာပေါ်မှာ ၎င်းကို ချီးမွမ်းခန်းဖွင့်နေကြတာကို တွေ့ရပါတယ်။ ဆီးနိတ်လွှတ်တော်အမတ် ဝါရန်ဟာ လူလတ်တန်းစား မိသားစုတွေအတွက် တိုက်ပွဲဝင်နေတဲ့ အရဲရင့်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ဝါရှင်တန်နဲ့ မက်ဆာချူးဆက်မှာ ၎င်းရဲ့ လုပ်ဆောင်ချက်နဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလမ်းကြောင်း တစ်လျှောက်မှာ ၎င်းရဲ့ ကြိုးပမ်းချက်တွေ ပြည်သူတွေရဲ့ လူမှုဘဝတွေအတွင်းမှာ မတူခြားနားမှုတွေကို အမှန်တကယ် တွေ့မြင်လာရတယ်လို့ မစ္စတာ ဆန်းဒါးစ်က ချီး မွမ်းစကားဆိုထားပါတယ်။

 

တစ်မူထူးခြားတဲ့ ယှဉ်ပြိုင်မှုတစ်ခုဖြစ်ခဲ့

 

ယခုယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲမှာ ဝါရန်ရဲ့ အသံကို ကျွန်ုပ်တို့လိုအပ်သလို ဆီးနိတ်လွှတ်တော်ထဲမှာလည်း ၎င်းရဲ့ အလုပ်လုပ်ဆောင်ချက်တွေ လိုအပ်တာအမှန်ပဲ။ ချမ်းသာကြွယ်ဝတဲ့သူတွေက ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တရားမျှတစွာ ခွဲဝေပေးဖို့နဲ့ ဝါရှင်တန်မှာ အကျင့်ပျက်ခြစားမှု အဆုံးသတ်ဖို့ တောင်းဆိုတာ လူတိုင်းအတွက် ကျန်မာရေးစောင့်ရှောက်မှုရရှိရေး၊ ခိုင်မာသေချာစေရေး၊ ရာသီဥတု အရေးအဖြေရှာခြင်း၊ ကျောင်းသားတွေရဲ့ ကြွေးမြီပြဿနာကို ကိုင်တွယ်ဆောင်ရွက်ခြင်းနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတာစတဲ့ လုပ်ဆောင်ချက်တွေ အားဖြင့် ဝါရန်ဟာ တစ်မူထူးခြားတဲ့ တွေးခေါ်ယူဆချက်တွေပါတဲ့ မဲဆွယ်စည်းရုံး ယှဉ်ပြိုင်မှုတစ်ခုကို ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ မစ္စတာဆန်းဒါးစ်က စကားလုံးတွေနဲ့ အသိအမှတ်ပြုခဲ့ပါတယ်။

 

သမ္မတထရမ့် သရော်ခဲ့

 

ယနေ့လိုအချိန်အခါမျိုးမှာ ဝါရန်မပါတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုဟာ သိပ်ပြီးခရီးရောက်နိုင်လိမ့်မယ် မထင်ဘူးလို့ ၎င်းက ထောက်ပြခဲ့ပါသေးတယ်။ အဲလိဇဘက်ဝါရန်ဟာ Super Tuesday နေ့မှာ ၎င်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မက်ဆာချူးဆက် အပါအဝင် ပြည်နယ် တစ်ခုလုံးအနေနဲ့ အနိုင်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတဲ့နောက်မှာ ပါဝင်ယှဉ်ပြိုင်မှုကို စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။

 

ဘီလျံနာ သူဌေးကြီးဖြစ်တဲ့ နယူးယောက်မြို့တော်ဝန်ဟောင်း မစ်ချယ် ဘလွန်းဘာ့ဂ်က စိတ်အနှောင့်အယှက် ဖြစ်စရာကြုံခဲ့ရတဲ့ Super Tuesday မှာ ၎င်းရဲ့ ပါဝင်ယှဉ်ပြိုင်နေမှုကို စွန့်လွှတ်ကာ မစ္စတာ ဘာနီဆန်းဒါးစ်ကို ထောက်ခံလိုက်ပြီးတဲ့နောက်တစ်ရက်မှာပဲ ဝါရန်ရဲ့ နုတ်ထွက်ကြောင်း ကြေညာမှုကလည်း ထွက်ပေါ်လာတာဖြစ်ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ကတော့ ဝါရန်ရဲ့ နုတ်ထွက်မှုကို တွစ်တာပေါ်မှာ သရော်ပြီးတုံ့ပြန်ခဲ့ပါတယ်။ မူဝါဒဆိုင်ရာ အင်အားတွေ ပေါ်ထွက်စေခဲ့သူ အဲလိဇဘက်ဝါရန်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲတွေမှာ အတော်လေးရှေ့ရောက်ခဲ့ပေမယ့်လည်း အကြိုရွေးကောက်ပွဲတွေမှာ ၎င်းကိုအောင်မြင်မှုရရှိအောင် ဆောင်ကြဉ်းပေးနိုင်လောက်အောင် ကျယ်ပြန့်တဲ့ မဟာမိတ်အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ဖူးသေးပါဘူး။

 

မဲဆွယ်စည်းရုံးယှဉ်ပြိုင်မှုတွေမှာ ဝါရန်အနေနဲ့ မူဝါဒဆိုင်ရာ အင်အား တွေပေါ်ထွက်လာစေခဲ့သူ တစ်ဦးအဖြစ် ပြောစမှတ်တွင်ခဲ့သော်ငြားလည်း ယှဉ်ပြိုင်ဘက်ဖြစ်သူ ဘာနီဆန်းဒါးစ်က ၎င်းကို မြန်မြန်ဆန်ဆန်ပဲ ကျော်တက်သွားခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာတုန်းက ဟီလာရီကလင်တန်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ယခုတစ်ကြိမ်ဟာ မစ္စတာဆန်းဒါးစ်ရဲ့ ဒုတိယအကြိမ် ပြန်လည်ကြိုးပမ်းမှုပါ။

 

လမ်းကြောင်းနှစ်သွယ်

 

ရွေးကောက်ပွဲကြီးတစ်ခုလုံးရဲ့ အစမှာ ကျွန်မပြောခဲ့ဖူးတဲ့ လမ်းနှစ်သွယ်ရှိပါတယ်။ အဲဒါကတော့ ယှဉ်ပြိုင်ဘက် ကိုယ်စားလှယ် မစ္စတာ ဘာနီဆန်းဒါးစ်ရဲ့ လမ်းဟောင်းကိုမလိုက်ဘဲ တီထွင်ကြံဆတဲ့ လမ်းကြောင်းနဲ့ မစ္စတာ ဂျိုးဘိုင်ဒင်ရဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ မယုတ်မလွန်ဆက်သွားနေတဲ့ လမ်းကြောင်းပါပဲ။ ဒီကိစ္စမှာ နောက်ထပ်တခြားသူတွေအတွက် နေရာမရှိခဲ့ဘူး။ ဒါကမမှန်ကန်ဘူးလို့ ကျွန်မခံစားမိခဲ့ပေမယ့် အခုတော့ ကျွန်မမှားယွင်းနေခဲ့ တယ်ဆိုတာ သိပ်ကိုထင်ရှားခဲ့တယ်လို့ ဟားဗက်တက္ကသိုလ် ဥပဒေပါမောက္ခ ဟောင်းတစ်ဦးဖြစ်တဲ့ အဲလိဇဘက်ဝါရန်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကိုးကား-အေအက်ဖ်ပီ