ဝါရှင်တန် နိုဝင်ဘာ ၅
အမေရိကန်ပြည်သူများသည် ယှဉ်ပြိုင်မှုအလွန် ပြင်းထန်သည့် သမ္မတရွေးကောက်ပွဲ၌ ဆန္ဒမဲများ ပေးနေကြပြီဖြစ်သည်။
မဲရုံများကို နိုင်ငံအနှံ့တွင် သတ်မှတ်အချိန်များအတိုင်း ဖွင့်လှစ်ခဲ့သည်။ တောင်ပိုင်းဗာဂျီးနီးယား ပြည်နယ်နှင့် အခြားပြည်နယ်များတွင် မဲရုံများကို နိုဝင်ဘာ ၅ ရက် နံနက် ၆ နာရီတွင် ဖွင့်ခဲ့သည်။
သမ္မတရွေးကောက်ပွဲ မဲပေးမှုမစတင်မီ အမေရိကန်ဒုတိယသမ္မတ ကာမလာဟားရစ်နှင့် ရီပတ်ဘလီကင်ရွေးချယ်ခံ သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့သည် ဆန္ဒမဲများပေးခဲ့ကြသည်။
နိုဝင်ဘာ ၄ ရက်က ဟားရစ်နှင့် ထရမ့်တို့သည် ပင်ဆယ်ဗေးနီးယားပြည်နယ်သို့ သွားရောက်ခဲ့သည်။ အဆိုပါ ပြည်နယ်သည် အဓိကပြိုင်ဘက်ပြည်နယ် ခုနစ်ခုအနက် ရွေးကောက်ပွဲမဲအများဆုံး ရရှိထား သည့် ပြည်နယ်ဖြစ်သည်။
ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟားရစ်သည် ပြည်နယ်အကြီးဆုံးမြို့တော် ဖီလာဒဲလ် ဖီးယား၌ မိန့်ခွန်းပြောခဲ့သည်။ အမေရိကတွင် မျိုးဆက်သစ်ခေါင်းဆောင်များအတွက် အချိန် ရောက်ပြီဖြစ်ကြောင်း၊ အမေရိကန်၏ နောက်သမ္မတအဖြစ် အဆိုပါခေါင်းဆောင်မှုကို ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဟားရစ်က ပြောကြားလိုက်သည်။
ယခုသမ္မတလောင်းယှဉ်ပြိုင်မှုသည် သမိုင်းတွင် အခက်ခဲဆုံးယှဉ်ပြိုင်မှုဖြစ်သည့်အတွက် ဆန္ဒမဲ တစ်ခုချင်းစီတိုင်းသည် မဲအောင်နိုင်ရေးအတွက် အရေးပါကြောင်း ၎င်းက ပြောသည်။
ထရမ့်သည် ပင်ဆယ်ဗေးနီးယားလူထုတွေ့ဆုံပွဲ၌ ပါဝင်တက်ရောက်ခဲ့ပြီးနောက် မိန့်ခွန်းပြောကြား ရန် မီချီဂန်ပြည်နယ်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။
လွန်ခဲ့သော လေးနှစ်ကျော်ကာလအတွင်း အမေရိကန်ပြည်သူများသည် ကပ်ဘေးကြီးတစ်ခုပြီး တစ်ခုကြုံတွေ့ခံစားခဲ့ရကြောင်း၊ ဟားရစ်လက်ထက်တွင် လူနေမှုစရိတ်များကြီးမြင့်လာပြီး ပြည်တွင်း၌ စီးပွားရေးဒုက္ခ၊ နိုင်ငံခြားတွင် စစ်ပွဲနှင့် ပရမ်းပတာအခြေအနေများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါအခြေအနေကို အဆုံးသတ်ရတော့မည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ နိုဝင်ဘာ ၅ ရက် ညနေပိုင်းတွင် ပထမဆုံးမဲရုံပိတ်လိုက်သည့်အချိန်မှစကာ မဲရေတွက်မှုများ စတင်မည် ဖြစ်သည်။
အင်န်အိတ်ချ်ကေ