ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာရေးနှင့် မြန်မာ့စီးပွားရေးဝန်းကျင်

မြန်မာသူဇာ

လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုရှိသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးပေးနိုင်မှသာ နိုင်ငံစုံမှ အရည်အသွေးပြည့်ဝတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးများ ပိုမိုဝင်ရောက်လာမည် ဖြစ်ပါသည်။ ယခုလို ဝင်ရောက်လာရန်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး မဟာဗျူဟာကောင်းများ ချမှတ်ထားသည်ကိုလည်း တွေ့ မြင်ရပါသည်။ ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့ စေရေး မဟာဗျူဟာကောင်း ဆိုသည်မှာ ပွင့်လင်းမြင်သာမှု၊ ရိုးရှင်းလွယ်ကူမှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှုဆိုသည့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့အောင် ဆောင်ရွက်ရာတွင် အရေးကြီးသည့် အခြေခံသဘောတရားများနှင့်အညီ ရင်းနှီးမြှုပ်နှံမှု လျှောက်ထားလွှာများကို သမာသမတ်ကျကျဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများကို လုပ်အားခသက်သာမှု၊ သယံဇာတြွကယ်ဝမှု၊ ဈေးကွက်ကြီးမားမှု၊ နေရာဒေသ အချက်အချာကျမှုတို့အပြင် ရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ မက်လုံးများပေးခြင်းဖြင့် ဆွဲဆောင်လျက် ရှိနေပါသည်။ သို့သော်လည်း ထိုကဲ့သို့ တူညီသော အခြေအနေမျိုးရှိသည့် နိုင်ငံများမှလည်း အလားတူ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြှင့်တင်ရမည် ဖြစ်ပါသည်

 

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ

ထိရောက်ကောင်းမွန်သော ဈေးကွက်ဖြစ်ပေါ်စေရေး အတွက် ယှဉ်ပြိုင်နိုင်စွမ်းဟာ အရေးပါလျက်ရှိနေပါသည်။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက် လာခြင်းနှင့်အတူ ပြည်တွင်းလုပ်ငန်းများအနေဖြင့်လည်း ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားအောင် ကြိုးစားခြင်းဖြင့် ပြည်တွင်း၌ သာမက ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးပမ်းရမှာလည်း ဖြစ်ပါသည်။ လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့် ရင်းနှီး မြှုပ်နှံသူများအနေဖြင့်လည်း မိမိတို့နှင့် လုပ်ငန်းတူ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား လာခြင်းကို စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအဖြစ် ရှုမြင်ကာ အမိအရဖမ်းဆုပ်ရမည် ဖြစ်ပါသည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ဝင်ရောက်လာ ခြင်းကြောင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများ ပိုမိုတိုးတက်အောင် တွန်းအားပေးနိုင်မည် ဖြစ်သလို တီထွင် ဆန်းသစ်မှုကို တွန်းအားပေးနိုင်မည် ဖြစ်ပါသည်။ ကျွန်မတို့ ဝယ်ယူစားသုံးသူများ အနေဖြင့်လည်း မိမိတို့စိတ်ကြိုက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်နိုင်မည်ဖြစ်ပြီး သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဝယ်ယူသုံးစွဲခွင့် ပိုမိုရရှိ လာမည် ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းမှာ အရေးပါသည့် ဖွံ့ဖြိုးမှု မူဝါဒတစ်ရပ်ဖြစ်သည့်အတွက်လည်း အစိုးရအနေဖြင့် တာဝန် ယူမှုရှိပြီး အရည်အသွေးပြည့်ဝရုံသာမက စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေသည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းမှာသာမက ပြည်ပ နိုင်ငံများထိပါ သွားရောက်၍ ဆွဲဆောင်နေသည်ကိုလည်း တွေ့ မြင်နေရပါသည်။

ယခုလိုဆွဲဆောင်ခဲ့မှုများ၏ ရလဒ်ကောင်းများကိုလည်း သတင်းမီဒီယာများတွင် တွေ့ မြင်နေရပါသည်။ လတ်တလော စိတ်ဝင်စားဖွယ် သတင်းများအနေဖြင့် ပြည်ပမော်တော်ကား ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား လာကြသည်ကို သတိပြုမိပါသည်။ အဆိုပါ ကုမ္ပဏီများသည် နိုင်ငံစုံလုပ်ငန်းကြီးများဖြစ်သည့်အတွက် ယင်းကဲ့သို့ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာခြင်းမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကို ပိုမိုယုံကြည်လာကြောင်း ထင်ရှားစေလျက် ရှိနေပါသည်။

စင်ကာပူနိုင်ငံမှ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကာ Complete Knocked Down စနစ်ဖြင့် ပြည်တွင်းမှာ ပထမဆုံး ဥရောပစံချိန်စံညွှန်းမီ အရည် အသွေးပြည့်ဝသည့်  SC NEUSTAR ဘတ်စ်ကားများကို ထုတ်လုပ်နိုင်တော့မည်ဆိုသည့် သတင်းကို မီဒီယာများမှ တစ်ဆင့်ကြားသိရပါသည်။ အဆိုပါ စက်ရုံသည် တစ်နှစ်ကို ဘတ်စ်ကား အစီးရေ ၆၀ဝ အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး ပြည်တွင်း၌သာမက ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့ကို လည်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အတူ တိုယိုတာကား ကုမ္ပဏီအနေဖြင့်လည်း တစ်နှစ်လျှင် တိုယိုတာ ဟိုင်းလတ် ကားအစီးရေ ၂၅၀ဝ ထုတ်လုပ်နိုင်မည့် စက်ရုံကို မြန်မာနိုင်ငံတွင် တည်ထောင်တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။

 

အထောက်အပံ့ကောင်းများဖြစ်

ယခုလို နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ ဝင်ရောက်လာခြင်း ကြောင့် မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့် ကောင်းမွန်လာကာ မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍမှာ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာမည် ဖြစ်ပါသည်။ မော်တော်ယာဉ်အသစ် ဈေးကွက်ကျယ်ပြန့်လာမှုအရ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပူးပေါင်းပါဝင်လာမှုနှင့် အတူ ပြည်တွင်းတွင် ထုတ်လုပ်သော မော်တော်ယာဉ်နှင့် ဆက်စပ်အစိတ်အပိုင်းများကို ပြည်ပနိုင်ငံများသို့ ဆက်သွယ် တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေမည်လည်း ဖြစ်ပါသည်။

အရည်အသွေးပြည့်ဝသည့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (Multinational Corporations -MNCs) ဝင်ရောက် လာခြင်းသည် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ ဥပဒေများ ပိုမိုခိုင်မာလာကြောင်း၊ လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူ မြန်ဆန်လာကြောင်း၊ တရားဥပဒေစိုးမိုးမှု ပိုမိုအားကောင်းလာ ကြောင်းနှင့် အဂတိတရား ပိုမိုကင်းရှင်းလာကြောင်း ထင်ရှား စေသည့်အချက်များ ဖြစ်ပါသည်။

ကျွန်မတို့အနေဖြင့်လည်း ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားခြင်း၏ အကျိုးကျေးဇူးကို ရရှိခံစားရလျက် ရှိနေပါသည်။ ယခင်က ဆင်းကတ်တစ်ကတ်ကို ကျပ်သိန်း ၅၀ ကျော် အကုန်အကျခံ၍ ပေးဝယ်ခဲ့ကြရသော်လည်း ဈေးကွက်စီးပွားရေးပိုမိုပွင့်လင်း လာပြီး ပုဂ္ဂလိကကို ဖက်စပ်ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းကြောင့် ဆက်သွယ်ရေးအော်ပရေတာများ ပိုမိုများပြားလာသည့်အတွက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားကာ ဆင်းကတ်များကို လူတန်းစား မရွေး ဝယ်ယူအသုံးပြုနိုင်ပြီး လူတိုင်း မိုဘိုင်းဖုန်းအသုံးပြု ခဲ့သည်မှာလည်း ကျွန်မတို့ ကိုယ်တွေ့ပဲ ဖြစ်ပါသည်။ ယခုလို အော်ပရေတာတွေ များပြားလာသည်နှင့်အမျှ ကျွန်မတို့ စိတ်ကြိုက်ရွေးချယ်နိုင်မှု များပြားလာသလို သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဝယ်ယူသုံးစွဲခွင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း အခြေခံအဆောက်အအုံ ကောင်းများ ပိုမိုဖော်ဆောင်ပေးပြီး အဆင့်အတန်းမြင့်မားသည့် စီးပွားရေးဝန်ဆောင်မှုကောင်းများ၊ အရည်အသွေးပြည့်ဝပြီး သင်လွယ်တတ်လွယ်သော လုပ်သားအင်အားနှင့် ဥာဏပစ္စည်း ဆိုင်ရာအခွင့်အရေးများ ကာကွယ်ပေးနိုင်မှုများ ပိုမိုအားကောင်း စေခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူချောမွေ့လာအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်နေစဉ် ကာလတစ်လျှောက်လုံးမှာလည်း လာဘ်ပေး လာဘ်ယူမှု အလေ့အထများ ပပျောက်အောင် ထိရောက်စွာ ဆောင်ရွက်ခြင်းတို့ပါဝင်ပြီး ခိုင်မာကောင်းမွန်သည့် အုပ်ချုပ်မှု စနစ်နှင့် ပွင့်လင်းမြင်သာမှုများ ပိုမိုဖော်ဆောင်ထိန်းသိမ်းရန် လည်း လိုအပ်ပါတယ်။

 

ရင်းနှီးမြှုပ်နှံရန် ဒေသရွေးချယ်

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံရန် နေရာဒေသ ရွေးချယ်ရာတွင် အကျိုးအမြတ်ရရှိမည့်နေရာကိုသာမက ၎င်းတို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများကို အကာအကွယ်ပေးနိုင်မှု အားကောင်းသည့် နေရာများကိုလည်း ရွေးချယ်၍ ရင်းနှီးမြှုပ်နှံ ကြမည် ဖြစ်ပါသည်။

အစိုးရအနေဖြင့်လည်း လုပ်သာကိုင်သာရှိသော ကြိုတင် ခန့်မှန်းနိုင်သည့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ အာမခံချက်ရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း ဖော်ဆောင်နိုင်ရေးအတွက် ဥပဒေမူဘောင် အားကောင်းအောင်လည်း ဖော်ဆောင် ပေးထားပြီးဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ် ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာ နိုင်ငံမှာ အလွယ်တကူ ကုမ္ပဏီဖွဲ့စည်းတည်ထောင်နိုင်ရန် အတွက် MyCo ဟုခေါ်သည့် အီလက်ထရွန်နစ် ကုမ္ပဏီ မှတ်ပုံတင်စနစ်နှင့်အတူ ကုမ္ပဏီဆိုင်ရာ လုပ်ငန်းများကို ဥပဒေ နှင့်အညီ ထိန်းကျောင်းပေးမည့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှု ဝန်းကျင် တစ်ရပ် ဖန်တီးပေးနိုင်ရန်အတွက် ယှဉ်ပြိုင်မှုဥပဒေ၊ စွန့်ဦး တီထွင်သူများ၏ ကြိုးစားအားထုတ်မှုကို ခိုင်မာစွာ အကာ အကွယ်ပေးရန်၊ တီထွင်ဆောင်ရွက်မှုများကို အားပေးရန်နှင့် အတုအပထုတ်လုပ်သူ၊ မသမာသူများမရှိခြင်းဖြင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်စွာနှင့် မျှတစွာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာစေရန် ဥာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေစသည့် ဥပဒေများကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ ကုန်စည်(သို့မဟုတ်) ဝန်ဆောင် မှုနှင့် စပ်လျဉ်းသည့် စားသုံးသူ၊ သုံးစွဲသူများ၏ အခွင့်အရေး များ အပြည့်အဝ အကာအကွယ် ပေးနိုင်စေရန်နှင့် စားသုံးသူ နှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား မျှတမှုရှိသော လုပ်ငန်းစဉ်ဖြစ်စေရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စီးပွားရေးလုပ်ငန်းများအကြား အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ထိရောက်မြန်ဆန်စွာဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်မည့် အနုညာတဥပဒေတို့ကိုလည်း ပြဋ္ဌာန်း ပေးပြီး ဖြစ်ပါသည်။

 

အလုပ်အကိုင် အခွင့်အလမ်းများနိုင်ငံစုံမှ ရင်းနှီးမြှုပ်နှံမှုကြီးများ ဝင်ရောက်လာရာမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ပြီး နည်းပညာ အသစ်အဆန်းများလည်း လွှဲပြောင်းရရှိနိုင်မည် ဖြစ်ပါသည်။ ထိုသို့သော အခွင့်အလမ်းများကို အမိအရ အသုံးချပြီး ကျွမ်းကျင်လုပ်သားများဖြစ်အောင် လေ့လာ နိုင်ပါက Home-grown Technologies များ ဖန်တီး ပေးနိုင်သည့် ပညာတတ် လူ့အသိုင်းအဝိုင်းတစ်ခု ဖော်ဆောင် နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံစုံလုပ်ငန်းကြီးများ ကြောင့် ပြည်တွင်းထုတ်ကုန်များကို ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွင်းဆက်တွင် ချိတ်ဆက်၍ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းအား ဖြင့် နိုင်ငံခြား ဝင်ငွေရရှိကာ အခွန်ဘဏ္ဍာများရရှိပြီး ပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် မှာ ဖြစ်ပါသည်။

 

အစိုးရအနေဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးတက်ရန်အတွက် အထောက်အပံ့ ကောင်းများဖြစ်သည့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးပွင့်လင်းလာမှု၊ အင်စတီ ကျူးရှင်းများနှင့် အခြေခံအဆောက်အအုံများ၏ အရည် အသွေးနှင့် ဥပဒေမူဘောင် အားကောင်းရန်အတွက် ဘက်စုံ ထောင့်စုံမှ ဖြည့်ဆည်းပေးနေချိန်တွင် ကျွန်မတို့၏ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက ပြည်ပရင်းနှီးမြှုပ်နှံ သူများကို နွေးထွေးစွာဖိတ်ခေါ်၍ ၎င်းတို့ထံမှ ရရှိနိုင်မည့် နည်းပညာ၊ ဈေးကွက်ချိတ်ဆက်မှု၊ စီမံခန့်ခွဲမှုနှင့် ကုန်ထုတ် လုပ်မှု နည်းဗျူဟာများကို အရယူ၍ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားအောင် ကြိုးစားခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့  ဈေးကွက်ကို တစ်ဟုန်ထိုး ထိုးဖောက်ရမည့် အချိန်ကောင်းပဲ ဖြစ်ပါတော့သည်။ မြန်မာ့အလင်း