ရန်ကုန်၊ ၂ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အောက်ရှိ ယာဉ်လိုင်းများတွင် ပြေးဆွဲပေးလျက်ရှိသော YRTA ယာဉ်မောင်းများနှင့် ဝန်ထမ်းများအား မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုလုပ်ငန်းကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် စတင်ထိုးနှံပေးခဲ့ကြောင်း YRTA ရုံးမှ သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)အနေဖြင့် ပထမဆုံး စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ထိုးနှံရာတွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ရှေ့တန်းမှ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ပါဝင်ဆောင်ရွက်နေသော YRTA ယာဉ်မောင်းများနှင့် ဝန်ထမ်းများကို စတင်ထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ YRTA ယာဉ်မောင်းများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ပြီး အရေအတွက်အားဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ကနဦး စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း TRTA ရုံးမှ တာဝန်ရှိသူတစ်ဉီးက မြန်မာ့အလင်းသို့ ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့် (TRTA) အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ကနဦးအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ဆက်တိုက် ထိုးနှံပေးသွားမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်တွင် တောင်ဉက္ကလာမြို့နယ်အဖွဲ့မှ လာရောက်ထိုးနှံခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ်အဖွဲ့မှ လာရောက်ထိုးနှံခြင်းဖြစ်သည်။ ယင်းသို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ ယာဉ်မောင်းများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစီအမံကြီးကြပ်မှုဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်


