မြန်မာနိုင်ငံသည် ကမ္ဘာ့ပြည်သူများ၊ ကမ္ဘာ့နိုင်ငံများ အများစုလိုလားနှစ်သက်ပြီး အသိအမှတ်ပြုသော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သက်တမ်းမရှည် သေးသော်လည်း ဒီမိုကရေစီ စံနှုန်းပြည့်မီရေး၊ ရင့်ကျက်ခိုင်မာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင် ပြည်သူကိုဗဟိုပြု၊ ပြည်သူ့ အကျိုးစီးပွားကို ရှေးရှုပြီး အလေးထား အကောင်အထည်ဖော်လျက်ရှိသည်။
ထိုသို့ အကောင်အထည် ဖော်လျက်ရှိရာတွင် ပြည်သူ့အစိုးရ နိုင်ငံ့တာဝန်ယူသည့် အချိန်မှစ၍ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ကြုံတွေ့ လာရသည်။ ယင်းကိုအကြောင်းပြု၍ နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ အဖွဲ့အစည်းများအပါအဝင် ဖိအားပေးမှု အမျိုးမျိုးနှင့် ကြုံတွေ့လာရသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းနေစဉ် ကာလအတွင်း ရခိုင်ပြည်နယ် အရေးကိစ္စသည် နိုင်ငံ၏အရေးကိစ္စများအနက် စိန်ခေါ်မှုတစ်ခုဟု ခံယူထားသည်။ အခြားနိုင်ငံ များအနေဖြင့်လည်း အလားတူ အရေးကိစ္စများ ကြုံတွေ့လျက်ရှိသည်။
သို့သော် နိုင်ငံတကာတွင် အရေးအမျိုးမျိုးရှိသည့်အနက် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်အရေးမှာ ကမ္ဘာက ပိုမိုအာရုံစိုက်သော အရေးဖြစ်နေသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို မနှေးအမြန် အကောင်အထည် ဖော်နေသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အကောင်အထည်ဖော်ရင်း နိုင်ငံအတွင်းရှိ လူ့အသိုက်အဝန်းအားလုံး၏ အရေးကိစ္စများကို သဘာဝကျမျှတစွာ ဆောင်ရွက်ပေးရာတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် ပါဝင်ကူညီမည့်အစား ရခိုင်ပြည်နယ်ဖြစ်စဉ်ကိုသာ တစိုက်မတ်မတ် ပုံဖော်အပြစ်ရှာနေသည်မှာ အံ့ဩစရာ ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင် (Fact Finding Mission – FFM) မှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ တစ်မျိုးတစ်ဖုံ အပြစ်ရှာထားသော အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြန်သည်။ မြန်မာအစိုးရ အနေဖြင့် အဆိုပါမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံ၍ အဆိုပါမစ်ရှင်ကို စတင်ဖွဲ့စည်း စဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
လူ့အခွင့်အရေးကောင်စီက အချက်အလက် ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ယင်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်သည်။ အဆိုပါ အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ ကိုသော်လည်းကောင်း၊ ၎င်း၏အစီအရင်ခံစာ ကိုသော်လည်းကောင်း အသိအမှတ်ပြုမည် မဟုတ်ချေ။ ထိုမစ်ရှင်အဖွဲ့၏ အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ရှုမြင်သုံးသပ်ထားသလို မြန်မာပြည်သူများ အားလုံးကလည်း လက်ခံကြမည် မဟုတ်ချေ။
ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွဲ့ဖြိုးတိုးတက် ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားသည်။ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း များအတွင်း သဟဇာတဖြစ်ရေးကို ဆောင်ရွက်ပေးခြင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံစိတ်ချရေး၊ သာယာဝပြောသော ပတ်ဝန်းကျင် ဖန်တီးပေးရေးတို့သည်သာ လတ်တလော ဦးစားပေးရမည့် ရည်မှန်းချက်နှင့် တာဝန်များဖြစ်သည်ကို မှန်ကန်သော အတွေးအမြင်ရှိသူတိုင်း နားလည်လက်ခံပြီး လက်တွဲပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားသော ကမ္ဘာ့နိုင်ငံများနှင့် ကမ္ဘာ့အဖွဲ့အစည်းများ အနေဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို လက်တွေ့အကောင်အထည်ဖော်နေသော မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ တိုးတက် ဖြစ်ထွန်းလာစေရေး မှန်ကန်သော စိတ်ရင်းစေတနာရှိမည်ဆိုပါက ရခိုင်ပြည်နယ် အရေးကိစ္စသာမက မြန်မာတစ်နိုင်လုံး ဖွဲ့ဖြိုးတိုးတက်လာမည့် အရေးကိစ္စများကို ယထာဘူတကျကျ ရှုမြင်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဆောင်ရွက်သင့်ပါကြောင်း။ ။