ယတဂရစုငှက်တို့အတွက် အောင်မြင်မှုကို အားဖြည့်ပေးခဲ့ဖူးသူ မြန်မာနိုင်ငံသား ဘောလုံးနည်းပြ ဦးကျော်ဒင်

ခင်ရတနာ

ဂျပန်ဒဏ္ဍာရီတွင် ဧကရာဇ်ဘုရင် ဂျင်မူကို ကူမာနိုတောင်သို့ လမ်းပြခေါ်ဆောင်ခဲ့သည့် ယတဂရစု(Yatagarasu) ခေါ် ခြေထောက်သုံးချောင်းနှင့် ကျီးနက်ကြီးတစ်ကောင်ရှိသည်။ သူသည် ရှင်တိုနေနတ်သမီး အာမာတဲရာစု၏ စေတမန်လည်းဖြစ်သည်။ ကျီးကန်းကြီး ယတဂရစုက ဂျပန်၏ အမှတ်သကငေ်္တလည်းဖြစ်သည်။ ဂျပန် အမျိုးသားဘောလုံးအသင်း (Japan National Football Team) ၏တံဆိပ်မှာ ယတဂရစုကျီးငှက်က ဘောလုံးအနီ ကို ကိုင်ထားသည့် အမှတ်တံဆိပ်ဖြစ်သည်။ ထိုဂျပန် လက်ရွေးစင်ဘောလုံးအသင်း အောင်မြင်မှုများ၏ မူလအစ ဂျပန်ဘောလုံးဖခင်များတွင် မြန်မာလူမျိုးတစ်ဦး ထူးထူးခြားခြား ပါဝင်ပတ်သက်လျက်ရှိသည်။ ဂျပန်လူမျိုးတို့သည် ထိုသူကို လေးစားချစ်ခင်သည်။ ထိုသူ၏ မိသားစုဝင်များကို သိရှိဆက်သွယ်ကာ ကျေးဇူးတင်လိုကြသည်။ ဂျပန် လူမျိုးများ၏ မိတ်ဆွေကြီးကား ဦးကျော်ဒင်ဟု အမည်ရပါသည်။

 

a

 

“ဂျပန်ဘောလုံးအားကစားကို ကြီးမားတဲ့အကျိုး သက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦးကျော်ဒင်နဲ့ သူ့ရဲ့မိခင် မြန်မာနိုင်ငံအား ကျေးဇူးတင်လျက်ပါ” ဟူသည့်စာသား ပါသော ဗီနိုင်းကားချပ်ကို ကိုင်မြှောက်ကာ အားပေး လျက်ရှိသည့် ဂျပန်လူမျိုးဘောလုံးဝါသနာရှင်များကို စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ၂၀၂၂ ဖီဖာ ၏ ကမ္ဘာ့ဖလား အာရှဒုတိယအဆင့်ခြေစစ်ပွဲ မြန်မာ နှင့် ဂျပန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည့် ပွဲစဉ်တွင် မြင်တွေ့ရသည်။

 

a

 

အဆိုပါပြိုင်ပွဲတွင် ဂျပန်အသင်းသည် မြန်မာ အသင်းအား ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသွားသည်။ ပွဲစဉ် ပြီးဆုံးသည်အထိ အနိုင်ရသည့် ဂျပန်လက်ရွေးစင် ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းတို့က အစွမ်းကုန်ယှဉ်ပြိုင်သွားကြသည်။ ဂျပန် လူမျိုးများက သူတို့အသင်းကို အားပေးကြသည်။ သို့သော် သူတို့ ဘာကြောင့် နှစ်နိုင်ငံအလံနှင့် မြန်မာအမျိုးသား ဦးကျော်ဒင်ပုံပါ ဗီနိုင်းကို ကိုင်မြှောက်အားပေးခဲ့ကြသလဲ ဆိုသည်ကို မသိကြသေးသူများအတွက် ဦးကျော်ဒင် ဆိုသူက ဘယ်သူဖြစ်ပြီး ဂျပန်လူမျိုးများ ဘာကြောင့် ဦးကျော်ဒင်ကို ကျေးဇူးတင်ကြသည်ဟူသည့် အချက်အလက်များကို စုစည်းကြည့်မိသည်။

အားပေးဂုဏ်ပြု

“ဦးကျော်ဒင်က ကျွန်တော်တို့ ဂျပန်လူမျိုးတွေကို ဘောလုံးအားကစားနည်း သင်ကြားပေးတဲ့ လက်ဦးဆရာ တွေထဲမှာ ပါဝင်ပါတယ်။ အဲဒီနေ့က ဖြစ်နိုင်မယ်ဆိုရင် ဦး ကျော် ဒင် ရဲ့ အမည်နဲ့ ဓာတ်ပုံ ပါတဲ့ တီရှပ်တွေ ဝတ်ဖို့အထိ စဉ်းစား ပေမယ့် အချိန် နီးကပ်တာကြောင့် ဗီနိုင်း ထုတ်ပြီး တော့သာ အားပေး ဂုဏ်ပြုခဲ့ရတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရိုမာရူယားမားက ပြောသည်။

ဦးကျော်ဒင်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၉၉ နှစ်က ဂျပန်နိုင်ငံရှိ ဂျပန်လူငယ်များကို စနစ်ကျသည့် ဘောလုံး အားကစားနည်းများ လက်ဆင့်ကမ်းပေးခဲ့သူ ပုဂ္ဂိုလ်ကြီး တစ်ဦးပင် ဖြစ်ပါသည်။ ဂျပန်လူမျိုးများအား ဘောလုံး လောကတွင် ကမ္ဘာ့အဆင့်မီ နည်းစနစ်ကျနအောင် သင်ကြားပေးခဲ့သည့် လက်ဦးဆရာ လေးဦးအနက် အာရှတိုက်ဖွား မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသား ဦးကျော်ဒင်လည်း အပါအဝင်ဖြစ်သည်။

 

a

 

၁၉၂၀ ပြည့်နှစ်တွင် ဦးကျော်ဒင်သည် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ သူသည် တိုကျိုစက်မှုလက်မှု ပညာ သင်ကျောင်း (Tokyo Industrial Technology) တွင် စက်မှုပညာကို သင်ယူခဲ့သော ကျောင်းသားတစ်ဦး ဖြစ်သည်။ အားကစားကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား)၏ သားဖြစ်သူ ဦးမျိုးကြီး၏ ၂၀၁၆ ခုနှစ်က Tomorrow ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးပါ အချက်အလက်များအရ ဦးကျော်ဒင်က ယင်းခေတ် စိန့်ဂျွန်းကောလိပ်မှ ကျောင်းသားတစ်ဦးဖြစ်နိုင်ပြီး ဆရာတော်ဦးဥတ္တမ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ စက်မှုပညာသင်ယူရန်အတွက် ရောက်ရှိခဲ့ခြင်းဖြစ်နိုင် ကြောင်း သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ ဂျပန်နိုင်ငံသို့ ရုပ်ရှင်သမိုင်းဆိုင်ရာ လေ့လာမှု များနှင့် တိုကျိုရုပ်ရှင်ပွဲတော်သို့ တက်ရောက်စဉ်ကာလ အတွင်း အောက်တိုဘာလ ၂၆ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ အိုချမ်းနောမိစုအရပ်က ဂျပန်ဘောလုံးသမိုင်း ပြတိုက်ကို သွားရောက်ဖြစ်ခဲ့ပါသည်။ သပ်ရပ်လှပသည့် ဂျပန်ဘောလုံးသမိုင်းပြတိုက်သည် လူစည်ကားသည့် နေရာတစ်ခုဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဝင်လျှင်ဝင်ချင်း ဂျပန်လက်ရွေးစင်ဘောလုံးအသင်းသား များ၏ တူညီဝတ်စုံများဖြင့် ပွဲမစခင် ဆုတောင်းသည့် ရုပ်တုများကို မြင်ရသည်။ ထို့ပြင် ကမ္ဘာ့ဖလားအပါအဝင် နှစ်အလိုက် ရရှိခဲ့သည့် ဆုတံဆိပ်ဖလားများ၊ လက်ရွေးစင် အသင်း၏ အမှတ်တရရွှေရောင် နေ့ရက်များစွာတို့၏ ပုံရိပ်များကို ဖော်ပြထားသည်။

မြန်မာနိုင်ငံသား ဦးကျော်ဒင်၏ ရုပ်တု

ပြတိုက်၏ Japan Football Hall of Fame ခန်းမ အတွင်း ရုပ်တုပေါင်း ၇၇ ခုခန့်ရှိသည်။ ထိုသူများသည် ဂျပန်ဘောလုံးလောက၏ အရေးကြီးသည့်ပုဂ္ဂိုလ်များ အဖြစ် ပြခန်း၏ အရေးကြီးဆုံးနေရာတွင် ခန့်ထည်စွာ ပြသထားခြင်းဖြစ်သည်။ ဂျပန်လူမျိုးအများအပြား ပါဝင် သည့် ယင်းရုပ်တုများအနက် နိုင်ငံခြားသား ခုနစ်ဦးပါဝင် ပြီး ယင်းတို့တွင် အာရှတိုက်သားတစ်ဦးသည် စာရေးသူ တို့ မြန်မာနိုင်ငံသား ဦးကျော်ဒင်၏ ရုပ်တုပင် ဖြစ်ပါသည်။

ဦးကျော်ဒင်

ဦးကျော်ဒင်ကို ၁၉၀ဝ ပြည့်နှစ် ဇွန်လတွင် မွေးဖွားခဲ့ သည်ဟု အဆိုပါပြတိုက်အတွင်း မှတ်တမ်းတင်ထားခဲ့ သည်။ ၁၉၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံသို့ စက်မှုပညာ သင်ယူရန်အတွက် ရောက်ရှိခဲ့သူဖြစ်သည်။ သူသည် Tokyo Industrial Technology စက်မှုလက်မှု ပညာသင် ကျောင်း(Tokyo Koto Kogyo Gako) တွင် ပညာ သင်ကြားရင်း ဂျပန်လူငယ် ဘောလုံးဝါသနာရှင်များ အား ဘောလုံးကို တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ပေးယူ ကစားနည်းအပါအဝင် ဘောလုံးနည်းစနစ်ကို စာတွေ့၊ လက်တွေ့ဖြင့် စိတ်အားထက်သန်စွာ သင်ကြားပေးခဲ့ သူလည်း ဖြစ်သည်။

၁၉၂၃ ဂျပန်နိုင်ငံ ခန်တိုဒေသတွင် ငလျင်ဘေး ပြင်းထန်စွာခံစားခဲ့ရပြီး ဦးကျော်ဒင် ပညာသင်ကြား လျက်ရှိသည့် ကျောင်းသည် ပြိုကျပျက်စီးခဲ့သည်။ ပညာ ဆက်လက်သင်ကြားရန် ကြန့်ကြာလျက်ရှိသည့် ဦးကျော်ဒင်သည် မိမိ၏ အချိန်များစွာကို ဂျပန်လူငယ် များ၏ ဘောလုံးဝါသနာအတွက် ဆက်လက်ပံ့ပိုးပေးခဲ့ သည်။ ဘောလုံးနည်းပြအဖြစ် ဂျပန်လူငယ်များအား စုစည်းသင်ကြားပေးခဲ့ရာ များစွာသော ဂျပန်လူငယ် များ သည် ဘောလုံးနည်းစနစ်များကို အသားကျလာခဲ့သည်။

ဦးကျော်ဒင်သည် ဖြတ်ယူလူပေး စသည့်အခြေခံ ဘောလုံးနည်းစနစ်များမှအစပြု၍ Short Passing Tactics အထိ ဂျပန်လူငယ်တို့အား စာတွေ့၊ လက်တွေ့ သင်ကြားပေးသဖြင့် ဂျပန်ဘောလုံးဝါသနာရှင် လူငယ် ကလေးများသည် နည်းပြ ဦးကျော်ဒင်အား လေးစား ချစ်ခင်၍ နည်းပြ၏ အပင်ပန်းခံသင်ကြားမှုကို လိုက်နာ ခဲ့ကြသည်။ အပျော်တမ်းအဖြစ် ဖွဲ့စည်းထားသည့် ကျောင်းဘောလုံးအသင်းအများအပြားက ဦးကျော်ဒင် ကို နည်းပြအဖြစ် သင်ကြားပေးရန် ခေါ်ယူကြသည့် အတွက် အားလုံးအတွက် ရည်ရွယ်ကာ ဦးကျော်ဒင်က ၁၉၂၃ ခုနှစ်တွင် How to Play Association Football ဟူသည့် ဘောလုံးနည်းစနစ်ပိုင်းဆိုင်ရာ စာအုပ်တစ်အုပ် ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး သူ၏တပည့် များက ဂျပန်ဘာသာဖြင့် ပြန်ဆိုပေးခဲ့ကြသည်။

ဦးကျော်ဒင်၏အဆိုအရ သူပြန်လည်မျှဝေသည့် ဘောလုံးနည်းစနစ်သည် စကော့တလန်နည်းစနစ် ဖြစ်ကြောင်း ဂျပန်အမျိုးသား ဘောလုံးပြတိုက်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဦးမျိုးကြီး၏ ဆောင်းပါးတွင်လည်း မြန်မာဘောလုံးအားကစားကို စနစ်တကျသင်ကြားပေးခဲ့သူသည် စိန့်ဂျွန်းတက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာ George Scott ဖြစ်ကာ ဘောလုံးပညာကို ပထမဆုံး မိတ်ဆက်ခဲ့သူမှာလည်း ၎င်းပင်ဖြစ်ကြောင်း ဦးကျော်ဒင်စာအုပ်တွင် ရေးသား သည်ဟု ဖော်ပြထားသည်။ ၂၀ဝ၇ ခုနှစ်တွင် ဦးကျော်ဒင် ၏ ရုပ်တု၊ ဦးကျော်ဒင်၏ သမိုင်းကြောင်းနှင့် ဦးကျော်ဒင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် How to Play Association Football စာအုပ်ကို ဂျပန်ဘောလုံး မော်ကွန်းပြတိုက်တွင် နေရာပေးကျေးဇူးပြုထားသည်။

လက်လှမ်းမီသလောက် ဆက်သွယ်လျက်ရှိ

ဦးကျော်ဒင်၏ ပုံတူသည် ပြတိုက်အတွင်းဝယ် ခန့်ညားစွာ တည်ရှိသည်။ မြန်မာလူမျိုး အများစုသည် ဂျပန်နိုင်ငံသို့ အလည်အပတ် သွားရောက်ရာတွင် ဘောလုံးပြတိုက်ရှိ ဦးကျော်ဒင်ရုပ်တုရှိရာသို့ သွားရောက် ဂါရဝပြုကြသကဲ့သို့ ဂျပန်တို့သည်လည်း မြန်မာနိုင်ငံသို့ လာရောက်မှုများတွင် ဦးကျော်ဒင်၏ ကျန်ရှိနေသော မိသားစုကို နှုတ်ဆက် ကျေးဇူးတင်စကားပြောလိုသဖြင့် လက်လှမ်းမီသလောက် ဆက်သွယ်လျက်ရှိကြသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဦးကျော်ဒင် ရှာပုံတော်ကို ဂျပန်သတင်းဌာန NHK က လက်လှမ်းမီ သမျှ အားကစားကလောင်ရှင်အချို့ကို မေးမြန်းတင်ဆက် ပေး ထားသကဲ့သို့ အခြားရုပ်သံလိုင်းများကလည်း တင်ဆက် ကြသည်။ အချို့က ဦးကျော်ဒင်၏ ဆွေမျိုး မိသားစုများသည် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်ကြ သည်ဟူ၍လည်း ပြောဆိုကြကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောပြသည်။ ဦးကျော်ဒင်၏ ဆွေမျိုးမိသားစုများကို ရှာဖွေရန်အတွက် ဂျပန်တို့သည် ယနေ့တိုင် ကြိုးစားနေကြဆဲ ဖြစ်သည်။ ဂျပန်သံအမတ်ကြီးကလည်း “အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ ဂျပန် သံရုံးကလည်း ဦးကျော်ဒင်ရဲ့ ကျန်ရှိနေ တဲ့ မိသားစုဝင်တွေကို ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းပါတယ်။ ဒါပေမယ့် လုံးဝမတွေ့ရှိပါဘူး။ ကျွန်တော်တို့ ဂျပန်တွေ ကတော့ ဦးကျော်ဒင်ကို အခုထိ ကျေးဇူးတင်ကြတယ်။ သူ့ရဲ့ ကျေးဇူးတွေဟာ ဂျပန်ဘောလုံးလောကမှာ အလွန်ကြီးမားပါတယ်’’ဟု ထပ်လောင်းပြောကြား သည်။

ဦးကျော်ဒင်၏ သမိုင်းသည် ဂျပန်ဘောလုံးမော်ကွန်း ပြတိုက်တွင် ထိုအထိသာ ပါရှိပါသည်။ ၁၉၂၅ ခုနှစ်တွင် ၎င်းသည် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သည်ဟူ၍သာ အဆုံးသတ်ထားသည်။ အားကစားကလောင်ရှင် ဆရာဦးခင်မောင်ထွေး(ပျဉ်းမနား) ရေးသားသည့် အချက်အလက်များတွင်တော့ ဦးကျော်ဒင်သည် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၁၉၄၅ ခုနှစ်အထိ မည်သည့်သတင်းမျှ မရရှိတော့ကြောင်း၊ ၁၉၄၇ ခုနှစ် ဝန်းကျင်တွင် ကချင်အမျိုးသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်၏ စက်မှုလုပ်ငန်းဖြစ်သော သံရည်ကျိုလုပ်ငန်းတွင် စက်ရုံမှူးအဖြစ် လုပ်ကိုင်လျက် ရှိကြောင်း၊ ၁၉၆၇ ခုနှစ် စက်မှုလုပ်ငန်းများ ပြည်သူပိုင် သိမ်းသည့်ကာလတွင် အဆက်အသွယ် ပြတ်တောက် သွားခဲ့ကြောင်း ရေးသားထားသည်ကို ဖတ်ရှုရသည်။

ရွှေရောင်နေ့ရက်များ အစခရီး

၁၉၂၀ ပြည့်လွန်နှစ်က အတော်လေး လှုပ်ရှား သက်ဝင်လာခဲ့သည့် ဂျပန်ဘောလုံးလောကသည် ဒေသဆိုင်ရာ ပြိုင်ပွဲများစွာကို ကျင်းပခဲ့ပြီး ဦးကျော်ဒင် မြန်မာနိုင်ငံသို့ ပြန်သွားပြီးစအချိန် ၁၉၃၀ ပြည့်နှစ် ဝန်းကျင်တွင် အတော်လေး တွင်ကျယ်လာခဲ့သည်။ ယင်းနှစ်တွင် ဂျပန်အမျိုးသားဘောလုံးအသင်းကို ဖွဲ့စည်း နိုင်ခဲ့ပြီး ဂျပန်အမျိုးသားအသင်းသည် ၁၉၃၆ ဘာလင် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ရရှိခဲ့ပြီး အင်အားကြီးသော ဆွီဒင်ကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းသည် ဂျပန် ဘောလုံးသမိုင်း၏ ရွှေရောင်နေ့ရက်များအစ ခရီးပင် ဖြစ်သည်။

ဦးကျော်ဒင်ကို ၁၉၀ဝ ပြည့်နှစ်တွင် မွေးဖွားခဲ့သည် ဟူသည့် အချက်အလက်အရ နှစ်ပေါင်း ၁၁၉ နှစ်ခန့် ရှိနေပြီ။ သူ၏သားသမီးများပင် ပင်စင်စားအရွယ်များ ဖြစ်လောက်မည်ဟု ခန့်မှန်းရသည်။ ဂျပန်သံရုံးက သူ၏မိသားစုနှင့် အဆက်အသွယ်ရရှိရန် သတင်းဌာန များမှတစ်ဆင့်ပင် ကြော်ငြာများ ထည့်သွင်းဖူးခဲ့သည်။ သို့သော် ရှာလေဝေးနေမြဲပင်ဖြစ်သည်။

ဦးကျော်ဒင်သည် ဂျပန်လူမျိုးတို့အား ၎င်းစိတ်ဝင် တစား သင်ယူတတ်မြောက်သည့် ဘောလုံးနည်းစနစ် များကို ပေးခဲ့ခြင်းမှာ ဂျပန်လူမျိုးတို့သည် သူ့အား စက်မှုလက်မှုဘာသာရပ်ကို သင်ကြားပေးခဲ့သဖြင့် ကျေးဇူးတုံ့ပြန်လိုဟန်ရှိသည်ကို သူရေးသားခဲ့သည့် ဘောလုံးနည်းစနစ်စာအုပ်ကလေးက သက်သေထူနေ သည်။ အခွင့်အရေးရှိလျှင်ရှိသလို ဂျပန်ဘောလုံးလောက အတွက် သူတတ်စွမ်းသမျှ ကျေးဇူးပြုခဲ့သည်။ ယခု တစ်ဖန် ဂျပန်လူမျိုးများကလည်း သူတို့အတွက် ဘောလုံး တစ်ခေတ်ဆန်းစေရန် ကူညီပေးခဲ့သူ ဦးကျော်ဒင်အား အောက်မေ့သတိရခြင်းကို မြန်မာ-ဂျပန် ဘောလုံးပြိုင်ပွဲ တွင် ထုတ်ဖော်ပြသကြသည်။

သမိုင်းမော်ကွန်းတင်

ဂျပန်နှင့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးခဲ့သည့် ဆက်ဆံရေးရှိသည်။ ယနေ့အထိ တိုင်လည်း ဂျပန်တို့က မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးနှင့် အားကစား စသည့်ကဏ္ဍ အသီးသီးတို့တွင် ကူညီပေးလျက် ရှိရာ ဘောလုံးနည်းပြ ဦးကျော်ဒင်နှင့် ဂျပန်ဘောလုံး သမိုင်းမော်ကွန်းတင်မှုသည် အပြန်အလှန် ရိုင်းပင်းကူညီ ဆက်ဆံမှုများ၏ အစိတ်အပိုင်းတစ်ခု အဖြစ် တည်တံ့နေမည်သာ ဖြစ်ပါတော့သည်။   ။