ဦးဟန်ညွန့်(ဥပဒေ)
သက်သေအမျိုးမျိုး
တရားရုံးတွင် သက်သေအမျိုးမျိုးကို ကျွန်တော်စစ်ဆေးခဲ့ဖူးပါသည်။ တည်တည် ငြိမ်ငြိမ်၊ မှန်မှန်ကန်ကန် ထွက်ဆိုသော သက်သေများနှင့် စစ်မေးရလျှင် စိတ်ချမ်းသာပါသည်။ သက်သေလိမ်၊ သက်သေညာ၊ ဟိုလိုလို၊ ဒီလိုလို ဝေ့လည်ကြောင်ပတ် သက်သေများနှင့် စစ်မေးရလျှင် အထူးစိတ်ညစ်ရပါသည်။ တတ်သိသော ဥပဒေကျင့်ထုံး၊ သက်သေခံ ဥပဒေပြဋ္ဌာန်းချက်များနှင့် တိုက်ဆိုင်စစ်မေးရသည့်အခါ အောင်မြင်သော်လည်း အတော်စိတ်ညစ်ရပါသည်။ အမှန်ကို မပြောချင်ဘဲ လိမ်လည်သော သက်သေများက အမျိုးမျိုးအဖုံဖုံ လိမ်လည်ကြပါသည်။ ရှေ့နေက ဥပဒေပညာဖြင့် တိုက်ခိုက်ရသလို သက်သေလိမ်ကလည်း နည်းမျိုးစုံဖြင့်လှည့်ပတ် လိမ်လည်ထွက်ဆိုစမြဲပါ။ ယုံကြည်ထိုက်သော သက်သေဖြစ်ပါရဲ့လား။
ယုံကြည်ထိုက်သော သက်သေ
သက်သေသည် ရဲစက္ကူတွင် ထွက်ချက်ပေးခဲ့သည်။ ရဲစက္ကူတွင် မြင်သည်ဟု ထွက်ခဲ့သည်။ တရားရုံးရှေ့တွင် မမြင်ဟု ပြင်ဆင်ထွက်သည်။ ရဲစက္ကူနှင့် တိုက်ဆိုင်စစ်မေးရတော့မည်။ ကွဲလွဲထွက်သော သက်သေဖြစ်နေပြီ။ မယုံကြည်ထိုက်သော သက်သေဖြစ်နေပြီ။
ဆန့်ကျင်သက်သေ
တရားရုံးများလက်စွဲအပိုဒ်- ၅၉၅ ၊ အပိုဒ်ခွဲ (၁)၊ သက်သေခံဥပဒေပုဒ်မ ၁၅၄ တို့ကို ရည်ညွှန်းပြီး ရေးပါမည်။ ရဲစက္ကူနှင့် တိုက်ဆိုင် စစ်ဆေးနိုင်ရန် ဆန့်ကျင်ထွက်ဆိုသည့်သက်သေ (ဆန့်ကျင်သက်သေ) (Hostile Witness) အဖြစ် ကြေညာရသည်။ မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာဆောင်ရွက်ရသည်။ တရားလိုအကျိုးဆောင် (ဥပဒေအရာရှိ)များ နေ့စဉ် တရားခွင်တွင် တွေ့ကြုံရစမြဲဖြစ်သည်။
သက်သေအား ၎င်း၏အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ ယုံကြည်ထိုက်သူမဟုတ်ကြောင်း သက်သေခံဥပဒေပုဒ်မ ၁၅၅ အရ ရှုတ်ချမေးမြန်း ခြင်းပြုရသည်။ မယုံကြည်ထိုက်သော ဆန့်ကျင် ဘက်သက်သေဖြစ်ကြောင်း ကြေညာရသည်။
တစ်ချိန်က တစ်မျိုး
မည်သည့်သက်သေမျိုးကို ဆန့်ကျင် သက်သေဟု ယူဆမည်လဲ။ တစ်ချိန်ကတစ်မျိုး ထွက်၊ ရုံးရှေ့ရောက်သောအခါ ကွဲလွဲထွက်၊ ထို သက်သေကို ဆန့်ကျင်သက်သေဟု ခေါ်မည် လား။ အမှန်တရားကို ဆန့်ကျင်ပြီး တစ်ဖက်အမှုသည်ဘက်သို့ (ပင်း)၍ ထွက်ဆိုကြောင်း ပေါ်ပေါက်မှသာ ဆန့်ကျင်သက်သေဟု ယူဆကြောင်း စီရင်ထုံးများက ဖော်ညွှန်းသည်။
အချို့ကလည်း သက်သေသည် ရုံးရှေ့တွင် မူလထွက်ဆိုချက်နှင့် ကွဲလွဲလျက်ထွက်ဆိုလျှင် ထိုသက်သေသည် ဆန့်ကျင်သက်သေဖြစ်ကြောင်း ကောက်ယူကြသည်။
တရားရုံးအား အခွင့်အာဏာပေးထားသည်
သက်သေတစ်ဦးအား ဆန့်ကျင်သက်သေ ဖြစ်၊ မဖြစ်ဆိုသော ပြဿနာကို လျော်ကန်သင့် မြတ်သလို ဆုံးဖြတ်နိုင်ရန် တရားရုံးအား အခွင့် အာဏာအပ်နှင်းထားသည်။ အမှုတွင် မျက်မြင် ပေါ်ပေါက်ချက် အကြောင်းခြင်းရာများကို လိုက်၍ (အခြေခံ၍) သက်သေသည် ဆန့်ကျင်သက်သေ ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်သည်။
ထို့ကြောင့် တရားသူကြီး၏ အဆုံးအဖြတ်သည် အရေးကြီးသည်။ သက်သေက လိမ်လည် ထွက်ဆိုသည်ကိုလိမ်သည်ဟုသာ ကောက်ယူ သင့်သည်။ အတိမ်းအစောင်းမပြုသင့်။ ဘက် မလိုက်သင့်။ အမှန်အကန် ဆုံးဖြတ်ရန်သာ အရေးကြီးသည်။
ဥပဒေအရာရှိ၏ တာဝန်
တရားလိုအကျိုးဆောင်ဖြစ်သော၊ အစိုးရရှေ့နေ (ဥပဒေအရာရှိ)၏ တာဝန်ကလည်း အရေးကြီးသည်။ နိုင်ငံတော်ကိုယ်စား နိုင်ငံတော်ဘက်က အမှုလိုက်ပါ ရသော အရာရှိ။ တိကျရမည်။ မှန်ကန်ရမည်။ ဥပဒေ ကျေညက်ရမည်။ ဘက်မလိုက်ရ။ ရဲစက္ကူလက် ဝယ်မှာ ကိုင်တွယ်ထားသူပီပီ ရဲစက္ကူကို အခြေခံ၍ တာဝန်ထမ်းရသည်။ နိုင်ငံတော်၏ မျက်နှာကြည့်ရမည်။ အမှုသည် (ပုဂ္ဂလိက)အကျိုး ကြည့်စရာမလို။ တရားခွင်ရှေ့မှောက်တွင် လာရောက်နားထောင်နေကြသော ပရိသတ်များက စောင့်ကြည့်နေကြသည်။ နားထောင်နေကြသည်။
ပြည်သူတွေ
တရားခွင်တစ်ခုလုံး၏ အမှုစစ်ဆေးပုံကို ပြည်သူတွေ နားထောင်ခွင့်၊ လေ့လာခွင့်၊ ဝေဖန်စောကြောခွင့် ရကြသည်။ အမှန်တရားကို စီရင်ကြောင်း အများမြင်စေ ရာသည်ဟူသော ဆောင်ပုဒ်ရှိသည်။ သတင်းမီဒီယာ ရှိသည်။ Open Court ဖြစ်သည်။ ထို့ကြောင့် တရားသူကြီး၊ ဥပဒေအရာရှိ၊ ရဲအရာရှိ၊ သက်သေစသည်ဖြင့် တရားခွင်တစ်ခုလုံး၏ မြင်ကွင်း၊ လုပ်ဆောင်ပုံကို အများပြည်သူတို့ တွေ့မြင်နေရခြင်း ဖြစ်ပေသည်။
သက်သေလိမ်ကို မလိုလား
တရားသူကြီးနှင့် ဥပဒေအရာရှိတို့ အလုပ်များနေ ချိန်၊ ရဲအရာရှိနှင့် ရဲစက္ကူ တိုက်ဆိုင်စစ်မေးနေချိန်တွင် သက်သေလိမ်ကိုကြည့်ပါ။ သူ့မျက်နှာမဲ့နေမည်။ သူ့ မျက်နှာပျက်နေမည်။ မူမမှန်။ ချွေးပြန်နေမည်။ လက်တွေ တုန်နေမည်။ အသိဆုံးကတော့ ရုံးထဲမှာ လာပြီး နားထောင်ကြသော ပရိသတ်ဖြစ်သည်။ ရွာက အတူတူလာကြသော သက်သေများ ဖြစ်ပါသည်။ ရွာသူရွာသားများ ဖြစ်ပါသည်။ "ဒီကောင်တော့ ရွာကျမှ အကြောင်း သိမယ်။ လူလိမ်လူညာ၊ တစ်ရွာလုံးက အပြစ်တင်ကြမှာ သေချာတယ်"ဟု ရုံးထဲမှာပင် တီးတိုး ဝေဖန်ပြောဆို နေကြပါပြီ။ သက်သေလိမ်ကို ဘယ်သူ မှ မလိုလားပါ။ ဝိုင်းပယ်မည်မှာ အသေအချာ...။
နောက်တစ်မျိုး
နောက်တစ်မျိုးမှာ သက်သေအချို့သည် ခေါ်လာ သည်။ အမှုသည်(ကိုယ့်ဘက်)ကိုပင် မျှော်လင့် ထားသည့်အတိုင်း ထွက်ဆိုခြင်း မပြုတတ်ကြပါ။ ဆန့်ကျင်၍ပင် ထွက်ဆိုတတ်ကြသည်။ သက်သေ၏ ဖြောင့်မှန်မှုကို စူးစမ်းဖို့ လိုအပ်လာပြန်သည်။ သက်သေတင်ပြသူအား တစ်ဖက်အမှုသည်က ပြန်လှန်စစ်မေးရာ၌ မေးမြန်းခွင့်ရှိသော မေးခွန်းမျိုးကို မေးမြန်းရန် တရားရုံးက ခွင့်ပြုနိုင်သည်။ သက်သေတင်ပြသည့် အမှုသည်အနေဖြင့် မိမိအား ဆန့်ကျင်ထွက်ဆိုသည့် သက်သေ၏ ထွက်ဆိုချက်ကို တန်ဖိုးယုတ်လျော့စေရန် ပြုလုပ်နိုင်သည်။
အမျိုးမျိုးကွဲလွဲ
သက်သေများသည် ရဲစစ်ဆေးစဉ်က တစ်မျိုး၊ ရုံးရှေ့ရောက်သောအခါ တစ်မျိုး အမျိုးမျိုးကွဲလွဲပြီး ထွက်ဆိုတတ်ကြသည်။ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၆၂ အရ ရဲစက္ကူနှင့် တိုက်ဆိုင်စစ်ဆေးကြရသည်။ တရားသူကြီးများက သက်သေထွက်ချက်များကို မှန်မှန်ကန်ကန် အကဲဖြတ်ဖို့ အခက်အခဲဖြစ်ကြ ရသည်။ နှစ်ဖက်ရှေ့နေများအတွက်လည်း ပို၍ အလုပ်ရှုပ်ကြသည်။ နိဂုံးချုပ်တော့လည်း အမှန် တရားမရ။ တစ်ဖက်နှင့်တစ်ဖက် မကျေနပ်ချက် များနှင့်သာ ရောထွေးနေလေသည်။ သက်သေ ထွက်ချက်များသည် အမှုတစ်မှု၏ အခြေခံအကျ ဆုံးဟုဆိုလျှင် မမှားနိုင်ချေ။
အယူခံ၊ ပြင်ဆင်တင်ကြပြန်
မူလရုံးမှာ သက်သေလိမ်များကြောင့် အမှုပျက်သည်။ နိုင်မည့်အမှု ရှုံးသည်။ ရှုံးမည့်အမှု နိုင်သည်။ အလွဲလွဲအမှားမှား ဖြစ်ကြပြန်သည်။ မကျေနပ်ပြန်။ အယူခံဝင်သည်။ ပြင်ဆင်မှုတင်သည်။ မနိုင်မချင်းမပြီး။ ရန်ညှိုးကြီးကြလေသည်။ သက်သေဖျက်၍ အမှုပျက်ခဲ့တာပါ။ သက်သေလိမ် ၍ အမှုပိတ်ခဲ့သည်ပါ။ တစ်စုံတစ်ခုကြောင့်သက်သေ ကလည်း လိမ်ခဲ့တာပါ။ အမှန်ကို အမှားလုပ်ခဲ့တာ ပါ။ တရားသူကြီးရှေ့ ကျမ်းကျိန်ပြီး ထွက်ခဲ့တာပါ။ ကျမ်းစူးမှာလည်း ကြောက်ဟန်မတူပါ။ သက်သေ လိမ်များကြောင့် အမျိုးမျိုးဒုက္ခကြုံပုံတွေကို လက်တွေ့ဘဝ ကြုံခဲ့သူများက ပြောပြပါလိမ့်မည်။ ကျွန်တော်၏ ဥပဒေဝန်ထမ်း သက်တမ်းတစ် လျှောက် ယုံကြည်ထိုက်သော သက်သေများစွာကို ကြုံခဲ့ရသလို မယုံကြည်ထိုက်သော သက်သေများ စွာကိုလည်း စိတ်ပျက်ဖွယ် တွေ့ခဲ့ရပါသည်။ အလုပ်မရှုပ်သင့်ဘဲ အလုပ်ရှုပ်ခြင်းကို ပြောစရာ မလိုသော်လည်း ဥပဒေကို စောင့်သိသော ပြည်သူ ပြည်သားတစ်ဦး၏ တာဝန်မကျေ၍ တရားရေး မဏ္ဍိုင်တိမ်းစောင်းရပုံကိုဖြင့် သိစေချင်၊ နောင်တ ရစေချင်ပါသည်။
စေတနာ
ယုံကြည်ထိုက်သော သက်သေများ တိုးပွား ပါစေကြောင်း တွေးခေါ်မိသော ကျွန်တော်၏ စေတနာဥပဒေ အတွေးမျှသာပါ...။ ။