ရန်ကုန်၊ ဩဂုတ် ၈
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရ သည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့က သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအိအိထွန်းနှင့် မအိဇင်ထွန်းတို့ ညီအမနှစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုအရ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ နှစ်ဦးသည် ဩဂုတ် ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင် ဒူဘိုင်း - ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ည ၁၀ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့သည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေး မှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာ သံရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး၊ညိမ်းသူ(သတင်းစဉ်)


