ရန်ကုန် စက်တင်ဘာ ၁၉
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးသည် သက်ဆိုင်ရာသံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မခင်ခင်လွင်အောင်အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံမှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး မခင်ခင်လွင်အောင်သည် စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဒူဘိုင်း - ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ည ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ကနူး ၊ ညိမ်းသူ(သတင်းစဉ်)


