နေပြည်တော် ဇန်နဝါရီ ၁၈
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် ယူဂန်ဒါသမ္မတနိုင်ငံ သမ္မတ H.E. Mr. Yoweri Kaguta Museveni ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည်။
မိန့်ခွန်းများပြောကြား
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကာ ရန်ဇိုရီ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပလျက်ရှိသည့် မျက်နှာစုံညီအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းများ ပြောကြားကြသည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ အဇာဘိုင်ဂျန်နိုင်ငံနှင့် ဥက္ကဋ္ဌသစ်အဖြစ် မကြာမီ လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ယူဂန်ဒါနိုင်ငံ တို၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကိစ္စရပ်များ အပါအဝင် ဘက်ပေါင်းစုံတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံရလျက်ရှိရာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားအတွက် အရေးပါသောအဖွဲ့ကြီးအဖြစ် ဆက်လက်ရပ်တည် သွားရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာ တွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူဝါဒများကို အပြည့်အဝ လိုက်နာလျက်ရှိပါကြောင်း၊ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့အနေဖြင့် အဖွဲ့ကြီး၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ စည်းလုံး ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့်အားလုံး၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တရားမျှတမှု၊ တန်းတူညီတူရှိမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အခြားသောဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေး ပြောကြား ခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက်ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကိုလည်း ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း နိုင်ငံခြားရေး ဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ ပြုပြင်ပြောင်းလဲရေး၊ ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီစေရေး၊ ရာသီဥတု ပြောင်းလဲရေး စိန်ခေါ်မှုများ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာကိစ္စများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ် တိုးတက်မှုများကိုလည်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ
အိမ်ရှင် ယူဂန်ဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar က ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေး ဝန်ကြီးများကို ညနေပိုင်းတွင် အာဖရိက ယဉ်ကျေးမှု အကအလှများ ပါဝင်သည့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ အဆင့်မြင့်အရာရှိ ကြီးများအစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပခဲ့ရာ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement-NAM) ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၌ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၀ ပါဝင်သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
သတင်းစဉ်