အောက်တိုဘာ ၉

ယူဂန်ဒါနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားသူ ၃၃ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မျောက်ကျောက် ရောဂါဖြစ်ပွားသူ ၆၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောသည်။

နိုင်ငံအတွင်းရှိခရိုင် ၁၁ ခုတွင် မျောက်ကျောက်ရောဂါကူးစက်မှုများ ထပ်မံဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးညွှန်ကြားရေးမှူး ဒန်နီရယ်က ဆင်ဟွာသတင်းဌာနကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

မြို့တော်ကမ်ပါလာ၏မြောက်ဘက် ၁၁၇ ကီလိုမီတာအကွာခန့်ရှိ နာကာဆန်ဂိုလာခရိုင်အလယ်ပိုင်း တွင်း မျောက်ကျောက် ရောဂါဖြစ်ပွားသူ ၂၁ ဦး ရှိသည်ဟု ၎င်းကဆိုသည်။

 ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုး ကူညီမှုဖြင့် မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုကိုတားဆီးရန် တိုးမြှင့်စောင့်ကြည့်ခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ဆက်သွယ်ရေးနှင့် ရပ်ရွာလူထုပူးပေါင်းဆောင်ရွက်မှုနှင့် လူထုအသိပညာပေး လှုပ်ရှားမှုများအပါအဝင် ကြိုတင်ကာကွယ်ရေးအစီအမံများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများဖြစ်ပေါ်နေခြင်းကြောင့် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ဩဂုတ်လက ကြေညာ ခဲ့သည်။

မျောက်ကျောက်ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့မှုမှတစ်ဆင့် မျောက်ကျောက်ရောဂါကူးစက် ဖြစ်ပွားပြီး ဖျားနာခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရသည်ဟု  သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို