၃ ဖေဖော်ဝါရီ
ယူဂန်ဒါနိုင်ငံ အနောက်ပိုင်း ကာစီစီခရိုင်တွင် ယမန်နေ့က ယာဉ်မတော်တဆမှု ဖြစ်ပွားသဖြင့် လူ ၃၂ ဦး သေဆုံးပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ တစ်ခုက ပြောကြားသည်။
ယူဂန်ဒါ ကြက်ခြေနီ အသင်းမှ ဆက်သွယ်ရေး တာဝန်ရှိသူ အိုင်ရင်း နာကာအီတာက ခရီးသည်များ တင်ဆောင်လာသော ထရပ်ကား တစ်စီးသည် ကားတစ်စီးဖြင့် တိုက်မိပြီး ယင်းသို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် လမ်းမသည် ကျဉ်းမြောင်းပြီး မှောင်နေကြောင်းနှင့် ဆောက်လုပ်ရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ငါးဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။
ယူဂန်ဒါနိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်တဆမှု ၂၀၀၀၀ ခန့် ရှိပြီး သေဆုံးသူဦးရေ ၂၀၀၀ ကျော် ရှိသည်။
ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်း အများဆုံး နိုင်ငံများတွင် ယူဂန်ဒါနိုင်ငံ ပါဝင်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို