ယူကရိန်းအသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရပြီး အင်္ဂလန်အသင်း ယူရိုပြိုင်ပွဲဆီမီးဖိုင်နယ်တက်လှမ်း

ဇူလိုင် ၅

ယူရို ၂ဝ၂ဝ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူကရိန်းအသင်းနဲ့ အင်္ဂလန်အသင်းတို့ ပွဲစဉ်မှာ အင်္ဂလန်အသင်းက ယူကရိန်းအသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုး တွေကို ပွဲကစားချိန် ၄ မိနစ်နဲ့ မိနစ် ၅၀ မှာ ဟယ်ရီကိန်းက နှစ်ဂိုး၊ ၄၆ မိနစ်မှာ မာကီးယားကတစ်ဂိုးနဲ့ ပွဲကစားချိန် ၆၃ မိနစ်မှာ ဟန်ဒါဆန်ကတစ်ဂိုး အသီးသီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူကရိန်းအသင်းကိုလေးဂိုး ပြတ်အနိုင်ရရှိခဲ့တာကြောင့် အသင်းရဲ့သမိုင်းမှာ ခုနစ်ပွဲ ဆက်တိုက် ဂိုးမပေးရတဲ့စံချိန်တင်ခဲ့ပြီး အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ သွင်းဂိုးကိုဖန်တီးပေးခဲ့တဲ့တောင်ပံ ကစားသမား စတာလင်ကတော့ အင်္ဂလန်အသင်းနဲ့ အတူ နောက်ဆုံးကစားခဲ့တဲ့ ၂၁ ပွဲမှာ ၂၂ ဂိုးအထိ တိုက်ရိုက်ပတ်သက်နေတာဖြစ်ပါတယ်။

တောင်ပံကစားသမား စတာလင်ဟာ အင်္ဂလန်အသင်းနဲ့အတူ ၁၅ ဂိုးသွင်းယူပေးထားနိုင်ခဲ့ကာ ခုနစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ အင်္ဂလန်အသင်းနဲ့အတူ ၂၇ ဂိုးအထိ တိုက်ရိုက်ပတ်သက်နေပြီး ၁၈ ဂိုးသွင်းယူ ပေးထားကာ ကိုးဂိုးဖန်တီးပေးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူကရိန်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အင်္ဂလန်အသင်းအနေနဲ့ ယူရိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တက်လှမ်းခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ယှဉ်ပြိုင် ကစားမယ့် ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်ကို ဇူလိုင် ၇ ရက်မှာ ဝင်ဘလေကွင်း၌ ကျင်းပသွားမှာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ အိမ်ကွင်း ဝင်ဘလေကွင်းမှာ အခြားသော ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ အီတလီအသင်းတို့ ပွဲစဉ်ကိုလည်း ကျင်းပသွားဖို့ ရှိနေတဲ့အပြင် ယူရိုပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်ကိုလည်း ဝင်ဘလေကွင်းမှာပဲ ကျင်းပသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ငွေကြယ်