ဝါရှင်တန် ဇန်နဝါရီ ၂၇
ရုရှားသည် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့မည်ဆိုပါက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးယူမှုများ လုပ်ဆောင်သွားရန် စဉ်းစားထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။
ရုရှားသည် ယူကရိန်းနှင့် ထိစပ်နေသော ၎င်းနယ်စပ်အနီးတွင် တပ်ဖွဲ့ဝင် ၁၀၀၀၀၀ ခန့် စုဆောင်းထားရှိသည်။ အကယ်၍ပူတင်က အဆိုပါတပ်ဖွဲ့ဝင် အကုန်လုံးကို လှုပ်ရှားစေမည်ဆိုပါက ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကာလတွင် အကြီးဆုံးကျူးကျော်မှုကြီး ဖြစ်လိမ့်မည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားလိုက်သည်။
အကယ်၍ ရုတ်တရက် ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင် ရုရှားကို ကြီးမားသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ လုပ်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်အစိုးရက သတိပေးခဲ့သည်။ ထိုသို့စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအပြင် အဆင့်မြင့်နည်းပညာသုံး အမေရိကန်ပစ္စည်းများအပေါ် ပို့ကုန်ထိန်းချုပ်မှုများလည်း ပါဝင်လာမည်ဖြစ်ကြောင်း အမေရိကန် အဆင့်မြင့် အုပ်ချုပ်ရေးအရာရှိများက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလက်ဗ်ရော့ဗ်တို့သည် ယူကရိန်းအရေး ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည့် အခြေအနေကို ဖောက်ထွက်နည်းလမ်းရှာရန် သောကြာနေ့ကတွေ့ဆုံခဲ့သည်။ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ရန် ထိပ်တန်းသံတမန်များက သဘောတူခဲ့သည်။ သို့သော်လည်း ၎င်းတို့၏အခြေအနေများမှာ ဆက်လက်ဝေးကွာနေဆဲဖြစ်သည်။
အင်န်အိတ်ချ်ကေ