ရန်ကုန် ၁၀ ဇန်နဝါရီ 


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အပါအဝင် ယခုနှစ်အတွက် နယ်ပယ်အသီးသီးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ဘာသာရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူများကို   ယူနီယံဓမ္မတ တက္ကသိုလ် (Union Biblical Seminary)က ချီးမြှင့်သည့် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ အမှတ်(၆၅) အလံပြဘုရားလမ်းရှိ Methodist English Church ၌ ကျင်းပသည်။


အခမ်းအနားတွင် ယူနီယံဓမ္မတ တက္ကသိုလ် ဥက္ကဋ္ဌ Dr. Morris Remlal Liana က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး  ဘွဲ့ရရှိသူများအား ကောင်းချီးမင်္ဂလာပြုကာ ဘွဲ့များအပ်နှင်းသည်။


ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယူနီယံဓမ္မတ တက္ကသိုလ် ဥက္ကဋ္ဌ Dr. Morris Remlal Liana က “လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်ဖြစ်တာက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရုံသာမက ဒီနေရာကနေ မြန်မာနိုင်ငံရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး လူမှုရေးအပိုင်းများမှာလည်း နွမ်းပါးသူတွေကို ပံ့ပိုးကူညီမှုတွေ အများအပြားရှိခဲ့တာကြောင့် ဖြစ်ပါတယ်”ဟု ရွေးချယ်ချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။


ယူနီယံဓမ္မတ တက္ကသိုလ်ကို ၁၉၉၉ ခုနှစ်က တည်ထောင်ထားခဲ့ပြီး ဘာသာရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သူများနှင့် ကျောင်းသား ကျောင်းသူ ၄၀ဝ ဦးကို ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။   


ယူနီယံဓမ္မတ တက္ကသိုလ်သည် မြန်မာနိုင်ငံ တစ်ဝန်း၌ လူမျိုး၊ ဘာသာ မခွဲခြားဘဲ နယ်ပယ်ကဏ္ဍအသီးသီးရှိ လူမှုရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေသော ဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။


ယနေ့ (၁၈)ကြိမ်မြောက် အခမ်းအနား၌ ဘာသာရေးဆိုင်ရာ ဘွဲ့ရရှိသူ ၂၃ ဦးနှင့် နယ်ပယ်အသီးသီးတွင် လူမှုရေးနှင့် ဘာသာရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူ ၆ ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အပါအဝင် Myanmar Missions International (MMI)မှ ဒါရိုက်တာ Mr. Joshua Ngun Hei ၊ Myanmar Evangelical Christian Alliance  မှ  Public Relations ဒါရိုက်တာ Mr. Peter Ngun Za  Cung ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးအမ်လှသောင်း၊ Future Myanmar United Development Co., Ltd. မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်အေးအေးချို၊ Global Talent Development; Deere & Company; မှ မန်နေဂျာ Mrs. Rena M. Gainev တို့ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ ပေးအပ်ခဲ့သည်။


(သတင်းစဉ်)

 

ာိည