ထီးချိုင့် ၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဦးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဒိုးပင်အုပ်စု မယ်ဇလီကျေးရွာ ကွင်းအမှတ် (၈၅၂)၊ ဦးပိုင်အမှတ်(၆၉) တောင်သူ ဦးကျောက်လုံး၏ စိုက်ခင်းတွင် ယူရီးယား-လက်ချား အချိန်ကိုက်အသုံးပြုနိုင်ရေး ကွင်းသရုပ်ပြပွဲကို ကျင်းပခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြေထောက်ပဲ၊ နေကြာ သီးညှပ်စံပြစိုက်ခင်းတွင် ဒေသခံတောင်သူများ ကုန်ကျစရိတ်သက်သာပြီး အကျိုးရှိစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် မြို့နယ်ဦးစီးမှူး၊ မြေအသုံးချရေးတာဝန်ခံနှင့် အုပ်စုတာဝန်ခံဝန်ထမ်းများသည် အချိန်ကိုက် ယူရီးယား-လက်ချား အသုံးပြုနိုင်ရေး ဦးတည်၍ ကွင်းပြပွဲကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ယူးရီးယား-လက်ချား ထိထိမိမိသုံးစွဲတတ်စေရေး၊ သဘာဝပိုးပြေးဆေး၊ EM 5 ပြုလုပ်သုံးစွဲတက်ရေး လက်တွေ့ပြသခြင်း၊ ပေါင်းသတ်ဆေးများ အလွန်အကျွံသုံးစွဲပါက မြေဆီလွှာ ပျက်စီးကြောင်း အသိပညာရရှိရေးတို့ကို ဆွေးနွေးတင်ပြခဲ့ပြီး ကွင်းသရုပ်ပြပွဲတွင် လက်တွေ့ပြသသည့် ပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့သည်။
ကွင်းပြပွဲသို့ တက်ရောက်လာသော တောင်သူများအား သီးကြို၊ သီးထပ် စိုက်ပျိုးရေးဆွေးနွေးခြင်း၊ မြေထောက်ပဲ မရိတ်သိမ်းမီ တစ်ပတ်အလိုတွင် ရေဆင်း ၁ စပ်မျိုးနေကြာ စံပြကွက်ဆောင်ရွက်ပြသမည် ဖြစ်ကြောင်းနှင့် သီးကြိုစိုက်ပျိုးရေး မတက်ရောက်နိုင်သော တောင်သူများအား အချိန်မီ ယူရီးယား-လက်ချားသုံးစွဲနိုင်ရေး ထပ်ဆင့်မျှဝေပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ပြန်/ဆက်)