နေပြည်တော် မတ် ၃၁

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချနိုင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်နေသော သွင်းအားစုဖြစ်သည့် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်ဝသည့် ယူရီးယား မြေဩဇာအား ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီ ဖြန့်ဖြူးရောင်းချနိုင်ရေး စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြေဩဇာတင်သွင်းမှု အတွေ့အကြုံရှိပြီး တောင်သူများ ဝယ်ယူသုံးစွဲလိုသော အမှတ်တံဆိပ်တင်သွင်းသည့် အခြား ကုမ္ပဏီများနှင့်လည်း ပူးပေါင်း၍ Consortium အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ယူရီးယားမြေဩဇာများအား တောင်သူများလက်ဝယ်သို့ စိုက်ပျိုးရာသီအမီ ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယူရီးယား မြေဩဇာများ အချိန်မီဖြန့်ဖြူးနိုင်ရေးနှင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချမှု စီမံချက်နှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်တစ်ဦးက ဖြန့်ဖြူးရောင်းချသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသူများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက  Consortium အဖွဲ့များအနေဖြင့် ယူရီးယားမြေဩဇာများအား ပြင်ပပေါက်ဈေးထက် တောင်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် “အမြတ်မယူ၊ အရှုံးမရှိ” စနစ်ဖြင့် အကျိုးအမြတ်ကို ဝန်ဆောင်စရိတ်ကာမိရုံ အနည်းဆုံးသတ်မှတ်၍ ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်