နေပြည်တော် မေ ၉
ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးနှင့် ဒေသအခြေပြုကျေးလက် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင်သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမများ၌ ကျင်းပသည်။
ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က စံချိန်စံညွှန်း ပြည့်ဝသော ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများ ဈေးနှုန်းသက်သာစွာ အချိန်မီ ဖြန့်ဖြူးရောင်းချ နိုင်ရေးအလေးထားဆောင်ရွက်နေကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ ယူရီးယားမြေဩဇာ တန်ချိန် ၁၁ ဒသမ ၂၂ သိန်းနှင့် ကွန်ပေါင်းမြေဩဇာတန်ချိန် ၁၁ ဒသမ ၁၁ သိန်း တင်သွင်းနိုင်အောင် စိစစ်ထောက်ခံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အတူ ပိုးသတ်ဆေးများ တင်သွင်းနိုင်အောင်လည်း ထောက်ခံပေးခဲ့ကြောင်း။
လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် စပါးအပါအဝင် အခြားသီးနှံ (၈) မျိုးအတွက် စိုက်ပျိုးရန်လျာထားဧက ၂၂ ဒသမ ၄၈ သန်းရှိရာ ယူရီးယား၊ ကွန်ပေါင်း၊ တီစူပါနှင့် ပိုတက် စုစုပေါင်းဓာတ်မြေဩဇာတန်ချိန် ၂ ဒသမ ၈၇ သန်းခန့်နှင့် ပိုးသတ်ဆေး မက်ထရစ်တန် ၃၄,၄၈၉ တန် လိုအပ်မည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တွက်ချက်တင်ပြထားပြီး မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းက ယခုနှစ်မိုးရာသီအတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့် ပိုးသတ် ဆေးတန်ချိန် ၃၈,၈၅၀ တန်ကို ကနဦးခွင့်ပြု ထောက်ခံပေးနိုင်ရေး ဦးဆောင် ကော်မတီသို့ တင်ပြထားကြောင်း၊ တောင်သူများ လိုအပ်သည့် သွင်းအားစုများနှင့် အရင်းအနှီးများ အချိန်မီ ရရှိရေး ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြရာပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ရေးအစည်းအဝေးကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေကြောင်း၊ ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် ကျေးလက်ဒေသ စိုက်ပျိုး ထုတ်လုပ်မှု၊ စားနပ်ရိက္ခာဖူလုံမှုတို့ကို မြှင့်တင်ပေးနိုင်ခြင်း၊ အစိုးရ-ပုဂ္ဂလိက-ပြည်သူ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာစေခြင်းအပြင် စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် ပြည့်စုံကြွယ်ဝသော၊ အားလုံး ပါဝင်နိုင်သော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဒေသအခြေပြု ကျေးလက်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုး ရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာ့ Awba ကုမ္ပဏီ၊ အောင်နိုင်သစ္စာကုမ္ပဏီ၊ ယွန်းလျှံကုမ္ပဏီ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဦးစီးဌာနများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ အစည်း အဝေးများသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေး ကုမ္ပဏီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်