နေပြည်တော်၊ စက်တင်ဘာ ၃၀
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဦးဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားချက်အရ စက်တင်ဘာ ၂၅ ရက်အထိ ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်များ ထောက်ခံပေးခဲ့ရာ မြေဩဇာတန်ချိန် ၉၅၆၆၇၅ ဒသမ ၇၇ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၃၉၄၉ ဒသမ ၅၄ တန် ရှိပြီဖြစ်ကြောင်း၊ ဇူလိုင်လမှ စတင်၍ Export Earning အထောက်အထားပြနိုင်သည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ SOP နှင့်အညီ လုပ်ငန်းစဉ်များ မြန်မြန်ဆောင်ရွက်ရန်လိုကြောင်း၊ သွင်းကုန်လိုင်စင်ရရှိပြီး ပြီးပြတ်အောင် တင်သွင်းနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆွေးနွေး တင်ပြပေးစေလိုကြောင်း။
ရာဂီမုန်တိုင်းဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ရေကြီးနစ်မြုပ်ခဲ့သဖြင့် စိုက်ဧကများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့် လိုအပ်ချက်များကို နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ လိုအပ်မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန်နှင့် အနည်းဆုံးလိုအပ်ချက်ကို ပညာရှင်များက ဆွေးနွေးဆုံးဖြတ်ပေးရန် လိုအပ်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်း၊ ဈေးကစားခြင်းများ မဖြစ်ပေါ်ရေးနှင့် အရည်အသွေး မှန်ကန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ် ပေးစေလိုပါကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က သွင်းအားစု တန်ချိန်များ အတည်ပြုမှတ်တမ်းတင်နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်းအသင်းမှ ကိုယ်စားလှယ်က မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချ အသုံးပြုမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဈေးနှုန်းမှန်ကန်စေရေး၊ အရည်အသွေးမှန်ကန်စေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ယူရီးယား မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


