နေပြည်တော် မတ် ၁၃

 

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအလိုက် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာ တန်ချိန် ၁ ဒသမ ၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထား သတ်မှတ်ချက်အရ ဦးဆောင်ကော်မတီ အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ မြေဩဇာတန်ချိန် ၁၆၈၁၄၅၃ ဒသမ ၂၆ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၆၇၆ ဒသမ ၈၇ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း သွင်းကုန်လိုင်စင်ရရှိနိုင်ရေး တင်ပြလာမှုများအပေါ် စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း။

 

မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း၏ စိစစ်တင်ပြချက်အရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်အထိ မြေဩဇာတန်ချိန် ၁၁၁၈၀၄၂ ဒသမ ၆၀ တန် အမှန်တင်သွင်းခဲ့ပြီး ၉၈၃၅၆၉ ဒသမ ၇၇ တန် ဖြန့်ဖြူးရောင်းချ၍ ဂိုဒေါင် လက်ကျန်အနေဖြင့် တန်ချိန် ၂၈၅၀၁၁ ဒသမ ၉၀ တန်၊ လိုင်စင်ရပြီး ဆိပ်ကမ်းရောက်ရှိ တန်ချိန် ၂၂၅၇၂ ဒသမ ၂၂ တန်ရှိသဖြင့် စုစုပေါင်းတန်ချိန် သုံးသိန်းကျော်ရှိကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီအတွက် လုံလောက်ရန် ထပ်မံလိုအပ်သော တန်ချိန်နှင့် လအလိုက် မြေဩဇာလိုအပ်ချက်ကို စိုက်ပျိုးရေးဦးစီးဌာနက ဆွေးနွေး တင်ပြစေလိုကြောင်း၊ အသင်းအနေဖြင့် အချိန်မီရောက်ရှိရေး အစီအမံတင်ပြရန်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း သတ်မှတ်ချိန်လိုင်စင်ရရှိရေး ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ကြောင်း။

 

ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက် ရောင်းချပေးခဲ့၍ ကျသင့်တန်ဖိုးငွေများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြန်လည်ပေးသွင်းလျက်ရှိပြီး အပြေအကျေပေးသွင်းနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲပေးရန် လိုအပ်ကြောင်း၊ ကွင်းဆင်းစစ်ဆေး စိစစ်တွေ့ရှိချက်များအရ ပြင်ပပေါက်ဈေးထက်သက်သက်သာသာသုံးစွဲနိုင်ခြင်း၊ သီးနှံအထွက်နှုန်းမှာလည်း ယခင်နှစ် အထွက်နှုန်းထက် တိုးတက်လာခြင်း၊ သီးနှံအရည်အသွေးကောင်းမွန်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာကြပြီး တောင်သူများအတွက် အထောက်အကူပြု အစီအစဉ်ကောင်းတစ်ခုဖြစ်၍ ဝိုင်းဝန်း ဆောင်ရွက်ပေးကြသူများအား အထူး ကျေးဇူးတင်ရှိကြောင်း။

 

ရည်ညွှန်းဈေးနှုန်းထုတ်ပြန်မှုအနေဖြင့် မတ်လအတွက် ယူရီးယားတစ်အိတ်လျှင် ငွေကျပ် ၉၄၀၀၀ နှုန်း၊ ၁၅ ပတ်လည် ကွန်ပေါင်းမြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ နှုန်း ရောင်းချပေးလျက် ရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း ပြဿနာများအရ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာနိုင်သည့်အတွက် အတတ်နိုင်ဆုံးဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ပေး ကြရန်နှင့် ခွင့်ပြုပေးထားသည့် လိုင်စင်လက်ကျန်များ အမြန်တင်သွင်းကြရန်လိုအပ်ကြောင်း၊ ကော်မတီဝင်ဌာနများက ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှု ရှိ/ မရှိ၊ သွင်းအားစုများ သိုလှောင်ဈေးကစားခြင်းများ ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ပေးရန် မှာကြား လိုကြောင်း။

 

မြေဩဇာအသင်းကလည်း ကုမ္ပဏီများကရရှိပြီး လိုင်စင်များကိုင်ထားခြင်းမျိုး မပြုလုပ်ကြရန်နှင့် အမှန်တင်သွင်း ဖြန့်ဖြူးရန်၊ လိုအပ်မှသာ လျှောက်ထားကြရန် ကြီးကြပ်ပေးရမည်ဖြစ်ကြောင်း၊ ဦးဆောင်ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာ စေရေး၊ အရည်အသွေး မှန်ကန်စေရေးတို့အတွက် ဆိုင်ရာဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ၂၀၂၆ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ် သုံးလအတွက် ကုမ္ပဏီအလိုက် ထောက်ခံပေးထားသည့် တန်ချိန်များ မှတ်တမ်းတင်ပေးနိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက မြေဩဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူဖြန့်ဖြူး ရောင်းချမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်တို့မှ ကိုယ်စားလှယ်များ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတို့က ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်