နေပြည်တော် ဇွန် ၂၆

 

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေး တန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ယခုမိုးစပါးရာသီအတွက် သွင်းအားစု လိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင်ရရှိပြီးသောကုမ္ပဏီများ အမြန်တင်သွင်းရန်လိုအပ်ကြောင်း၊ သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ပေးမှုအနေဖြင့် သတ်မှတ်ကာလပြည့်ပြီဖြစ်၍ ထပ်မံသတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ ယခုလက်ရှိ နိုင်ငံတကာတွင်ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်၍ ယခုအစည်းအဝေးတွင် မြေဩဇာအသင်းကတင်ပြသော ရည်ညွှန်းဈေးနှုန်းများအပေါ် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားမှုနှင့် ၂၀၂၅ ခုနှစ် မေနှင့် ဇွန်တွင် ကုမ္ပဏီအလိုက် ထောက်ခံပေးထားသည့် မြေဩဇာနှင့် ပိုးသတ်ဆေး တန်ချိန်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ နိုင်ငံတကာဈေးနှုန်းများ၊ ဝယ်ယူဖြန့်ဖြူးရောင်းချ အသုံးပြုမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်