ယူရို ၂၀၂၀ ဗိုလ်လုပွဲတက်မှာ အီတလီလား၊ စပိန်လား . . .

ယူရို ၂၀၂၀ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အီတလီအသင်းနှင့် စပိန်အသင်းတို့ ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အီတလီအသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အဆင့်(၁) နေရာတွင် ရပ်တည်နေသော ဘယ်လ်ဂျီယံအသင်းကို ဘာရယ်လာ၊ အစ်ဆစ်ဂ်နီတို့ ၏ သွင်းဂိုးများနှင့် အတူ နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြိုင်ဘက်စပိန်အသင်းက အဆိုပါ အဆင့်တွင် ဆွစ်ဇာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ပယ်နယ်တီ အဆုံးအဖြတ်တွင် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 နည်းပြ မန်စီနီ တာဝန်ယူကိုင်တွယ်နေသည့် အီတလီအသင်းသည် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ပုံစံကောင်း ရရှိနေသည့် အသင်းဖြစ်ပြီး အသင်းမှ ဒွန်နာရမ်မာ၊ ချီလီနီ၊ ဘိုနူချီ၊ အစ်ဆစ်ဂ်နီ၊ အင်မိုဘီလီ စသည့် ကစားသမားများ ခြေစွမ်းပြသထားနိုင်သည်ကို တွေ့ရသည်။ အထူးသဖြင့် ပြီးခဲ့သည့် ဘယ်လ်ဂျီယံ အသင်းနှင့် ပွဲစဉ်တွင် အသင်းလိုက် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သည်ကို တွေ့ရသည်။ အီတလီနည်းပြ မန်စီနီသည် ၁၉၈၄ ခုနှစ် ဟီဒဲလ်ဂို နောက်ပိုင်း ယူရိုချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံး ကိုင်တွယ်သည့် ငါးပွဲတွင် ငါးပွဲစလုံး အနိုင်ရရှိခဲ့သည့် မှတ်တမ်းကို တစ်ကျော့ပြန်စွမ်းဆောင်နိုင်ခဲ့သူအဖြစ် မှတ်တမ်း တင်ထားသည်။

ပြိုင်ဘက် စပိန်အသင်းက ယူရိုပြိုင်ပွဲတွင် ငါးပွဲကစားထားရာ နှစ်ပွဲသာ နိုင်ပွဲရရှိထားပြီး သုံးပွဲ သရေကျ ထားသောကြောင့် အသင်းလိုက် စုဖွဲ့မှုအားနည်းနေသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ပြီးခဲ့သည့် ဆွစ်ဇာလန်အသင်းနှင့်ပွဲစဉ်တွင် ထိရောက်သည့် ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ သည်ကို တွေ့ရသည်။ အီတလီအသင်းနှင့် စပိန်အသင်းတို့ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုမှာ ၂၀၁၇ ခုနှစ် က ဖြစ်ပြီး စပိန်အသင်းက သုံးဂိုးပြတ် အနိုင်ရရှိထားသည်။ သို့သော်လည်း ယူရိုပြိုင်ပွဲတွင် အဆုံးသတ် ပိုင်းအားနည်းသည့် စပိန်အသင်းအနေဖြင့် ပုံစံကောင်းရရှိနေသည့် အီတလီအသင်းကို အနိုင်ရရှိသွား မလား စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။

အီတလီအသင်းမှ စပင်နာဇိုလာအနေဖြင့် ယနေ့ပွဲစဉ်ကို ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖွယ်မရှိသလို စပိန်အသင်းမှ ဆာရာဘီယာသည်လည်း ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖွယ်မရှိချေ။ သို့သော်လည်း အီတလီအသင်းရော စပိန်အသင်းပါ ယူရိုပြိုင်ပွဲတွင် အောင်မြင်မှုနှင့် ဝေးကွာနေသည့်အတွက် ယနေ့ပွဲစဉ်ကို ရလဒ်ကောင်းရရှိရန် အတောင့်တင်းဆုံးပုံစံဖြင့် ပွဲထွက်လာကာ နောက်တစ်ဆင့် တက်ရောက်နိုင်ရေး အကောင်းဆုံးကြိုးစားလာဖွယ်ရှိနေသည်။

လက်ရှိ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် (၆) နှင့် (၇) နေရာတို့တွင်ရပ်တည်နေသည့် အသင်း နှစ်သင်းဆုံတွေ့နေသည့်အတွက်လည်း ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိနေသည်။ ထို့ကြောင့် မည်သည့်အသင်းက ရလဒ်ကောင်းရရှိကာ ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်လှမ်း သွားမလဲဆိုသည်ကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် အဆုံးအဖြတ်ပေးသွားတော့မည်ဖြစ်သည်။

အောင်ဇော်