၁၃ နိုဝင်ဘာ

 

ဒီနေ့နံနက် ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၀ပြိုင်ပွဲဝင်ခွင့်အတွက်  ပြန်ကန်ပွဲစဉ် (Play-Offs ) တွေ ယှဉ်ပြိုင်ရာမှာ မြောက်မက်ဆီဒိုးနီးယားက ဂျော်ဂျီယာကို တစ်ဂိုး-ဂိုးမရှိ၊  ဟန်ဂေရီက  အိုက်စလန်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊    ဆလိုဗက်ကီးယားက မြောက်အိုင်ယာလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ စကော့တလန်က ဆားဘီးယားကိုပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ယူရို ၂၀၂၀ပြိုင်ပွဲဆီ ဝင်ရောက်ခွင့် ရခဲ့ကြပါတယ်။

 

တိုက်ရိုက် ဝင်ခွင့်ရထားတဲ့ အသင်းတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက အုပ်စုခွဲထားခဲ့ပြီးဖြစ်ကာ  ပြန်ကန်ပွဲစဉ်တွေမှ တစ်ဆင့် ခြေစစ်ပွဲအောင်ခဲ့ကြမယ့် အသင်းတွေကို  အုပ်စု (ဂ)၊ အုပ်စု ( ဃ)၊ အုပ်စု (င)နဲ့ အုပ်စု ( စ)တို့မှာ နေရာချထားပြီးဖြစ်ပါတယ်။ ဒါကြောင့် မြောက်မက်ဆီဒိုးနီးယားက အုပ်စု (ဂ)၊ စကော့တလန်က အုပ်စု ( ဃ)၊ ဆလိုဗက်ကီးယားက

 

 အုပ်စု (င)နဲ့ ဟန်ဂေရီကတော့  အုပ်စု (စ)မှာ ကျရောက်မှာဖြစ်ပါတယ်။ပြန်ကန်ပွဲစဉ်တွေကတစ်ဆင့် ခြေစစ်ပွဲအောင်တဲ့ အသင်းတွေထဲမှာ ဟန်ဂေရီကတော့  အုပ်စု (စ)မှာ လက်ရှိ ယူရိုချန်ပီယံ ပေါ်တူဂီ၊ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ ၂၀၁၄ ကမ္ဘာ့ချန်ပီယံ ဂျာမနီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် ကံအဆိုးဆုံးလို့ သတ်မှတ်ရတော့မှာဖြစ်ပါတယ်။

 

ယူရို ၂၀၂၀ပြိုင်ပွဲကို မူလက  ၂၀၂၀ပြည့်နှစ် ဇွန် ၁၇ရက်ကနေ ဇူလိုင် ၁၇ရက်အထိ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရကာ ၂၀၂၁ခုနှစ်  ဇွန် ၁၁ရက်ကနေ ဇူလိုင် ၁၁ရက်အထိ ကျင်းပမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် ( UEFA)က ကြေညာခဲ့ပါတယ်။ ဥရောပတိုက်ရှိမြို့ကြီး ၁၂မြို့မှာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မြို့တွေကတော့ ရောမ၊ ဘက်ကူ၊  ကိုပင်ဟေဂင်၊ စိန့်ပီတာစဘတ်၊ အမ်စတာဒမ်၊ ဘူခါရက်၊ လန်ဒန်၊ ဂလက်စဂို၊  ဘီဘာအို၊ ဒပ်ဘလင်၊ မြူးနစ်နဲ့ ဘူတာပတ်မြို့တို့ပဲ ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲစဉ်တွေကိုတော့ လန်ဒန်မြို့မှာပဲ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စု မဲခွဲမှု

 

အုပ်စု (က)

တူရကီ

အီတလီ

ဝေးလ်

ဆွစ်ဇာလန်

 

 

အုပ်စု (ခ)

ဒိန်းမတ်

ဖင်လန်

ဘယ်လ်ဂျီယံ

ရုရှား

 

အုပ်စု (ဂ)

နယ်သာလန်

ယူကရိန်း

ဩစတြီးယား

မြောက်မက်ဆီဒိုးနီးယား

 

အုပ်စု (ဃ)

အင်္ဂလန်

ခရိုအေးရှား

စကော့တလန်

ချက်

 

အုပ်စု (င)

စပိန်

ဆွီဒင်

ပိုလန်

ဆလိုဗက်ကီးယား

 

အုပ်စု (စ)

ဟန်ဂေရီ

ပေါ်တူဂီ

ပြင်သစ်

ဂျာမနီ တို့ဖြစ်ပါတယ်။

 

မေလဲ့သင်း