ဒဂုံ ၃၀ အောက်တိုဘာ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများသား၊ ငါးနှင့်အသီးအနှံ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ သန့်ရှင်းလတ်ဆတ်သော သား၊ ငါးနှင့် အသီးအနှံများကို ယနေ့နံနက် ၇ နာရီက ယောမင်းကြီးရပ်ကွက်၌ မော်တော်ယာဉ်ဖြင့် လာရောက် ရောင်းချပေးကြောင်း သိရသည်။
ယခုလိုရောင်းချပေးသည့်အတွက် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့် အသီးအနှံများကို ဝယ်ယူသူ အဆင်ပြေစေရန် ဈေးတင်ရောင်းချခြင်းမရှိဘဲ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးသဖြင့် ဝယ်ယူရာ တွင် အဆင်ပြေကြောင်းနှင့် ငါးရက်တစ်ကြိမ် ရောင်းချပေးစေလိုကြောင်းကို ယောမင်းကြီးရပ်ကွက် ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး Mobile Market ဈေးရောင်းမော်တော်ယာဉ်များဖြင့် ကျန်ရှိသည့် မြို့နယ်များတွင်လည်း လှည့်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)