မြန်အောင် ၄ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုကာကွယ်ရန် ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ် မကျီးစု ကမ်းထိန်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၁၇ -၂၀၁၈ ခုဘဏ္ဍာနှစ်တွင် အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ ပေ (၉၀၀) ၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစု မြန်အောင် တာမိုင်(၆/၃)အနီး ဧရာဝတီမြစ်ကမ်းဘေး ကမ်းထိန်းလုပ်ငန်း အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ အလျား ပေ ၁၂၀ ၊ အခြေထိန်းနှစ်တန်းသွား အုန်းတိုင်စိုက်ရေကာ အလျား ပေ ၅၅၀ နှင့် ကမ်းပါး ထိန်းမျောကရစ် တည်ဆောက်ခြင်း (Slope Polyfelt) အုပ်ခြင်း၊ Steel Cable Groyne အလျား ပေ ၁၅၀ ၊ ၁၄ ခု ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ သိရှိရသည်။
ယခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေ တက်လာစဉ် မြန်အောင်တာမိုင် ၆/၃ အနီး ကမ်းပါးထိန်းမျောကရစ်တည် ဆောက်ပြီး(Slope Polyfelt)အုပ်ထားသော နေရာတွင် ကမ်းပြိုမှုဖြစ်ပေါ်လာသောကြောင့် ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်၊ ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့ကကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြပြီး ကမ်းပြိုမှု ဆက်လက်မဖြစ်ပွားစေရန် အရေးပေါ်ကာကွယ်ရေးလုပ်ငန်း (Floating Unit ပေ ၄၀၀ ) လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံမှ သိရှိရသည်။
မြန်အောင်မြို့ မကျီးစု မြစ်ကမ်းထိန်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ အလျား ပေ (၄၀၀) ၊ မြန်အောင် မကျီးစုပန်းခြံတွင် ဘိုးပိုင်အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ ပေ (၂၀၀) ဆောင်ရွက်ရန် လျာထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်ထံမှ သိရသည်။
ဝင်းဗိုလ် မြန်အောင် ပြန်/ဆက်