(၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ဝတ္ထု(ပုံပြော) ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ရိုးရာ ဝတ္ထု(ပုံပြော) ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

 

 

ရှေးဦးစွာ မူ(လွန်)ပြည်တော်သာ ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ငရို့ရခိုင်သား” တေးသီချင်းဖြင့် လည်းကောင်း၊ ရွှေပင်ကိုယ်ပိုင် ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ လှဇီရှင်” အကဖြင့် လည်းကောင်း၊ အ.မ.က ကျောင်းကြီးလမ်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ မဟာနွယ်” အကဖြင့် လည်းကောင်း သရုပ်ဖော် အကဖြင့် ဖွင့်လှစ်ပေးကြသည်။

 

ရခိုင်ရိုးရာ ဝတ္ထု(ပုံပြော) ကို စစ်တွေမြို့ပေါ်ရှိ အခြေခံပညာ မူလတန်းကျောင်း၊ မူ(လွန်) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း စုစုပေါင်း ၁၄ ကျောင်းမှ ကျောင်းသား/ ကျောင်းသူ ၁၄ ဦးပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

ရခိုင်ရိုးရာ အမွေအနှစ်တစ်ခုဖြစ်သည့် ဝတ္ထု(ပုံပြော) ပြိုင်ပွဲကို ပြန်လည်ဖော်ထုတ်ခြင်း ဖြစ်ပြီး ဆုများကို (၄၄)  နှစ်မြောက် ရခိုင်ပြည်နယ်နေ့  အထိမ်းအမှတ် အခမ်းအနား၌ ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှ ၏ ပြောကြားချက်အရ သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)