ရန်ကုန် ၂၅ ဧပြီ
ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း လူစုလူဝေးမဖြစ်စေရန် ရည်ရွယ်ကာ ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးကြီးသို့ ယခင်က ကုန်းလမ်း၊ရေလမ်းနှစ်မျိုးမှ ဝင်ရောက်လာသော ငါးများကို ရောင်းဝယ်ဖောက်ကားခွင့်ပြုခဲ့သော်လည်း ယခုအခါ ရေလမ်းကြောင်းမှ စက်လှေများဖြင့် ဝင်ရောက်လာသောငါးများကိုသာ ရောင်းချခွင့်ပြုထားသည်။
အဆိုပါစျေးကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်မှုလျော့နည်းစေရေး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့တော်ခန်းမ၌ ဧပြီ ၂၀ ရက်တွင် စျေးသာယာရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အထက်ပါအတိုင်း ရောင်းချခြင်းကိုကန့်သတ်လိုက်ခြင်းဖြစ်သည်။
" ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ဧပြီ ၂၄ ရက်နေ့မှာ ဗဟိုစံပြငါးစျေးကြီးထဲကို သား/ငါးကုန်စည်တင်ပြီး ဘာကားမှ၀င်လို့မရတော့ဘူး ။ ရေလမ်းကလာတဲ့ ကုန်တွေပဲလက်ခံမယ်လို့ အမိန့်စာထွက်လာတယ်။ ဒီစျေးကြီး ရဲ့ကုန်စည်စီးဆင်းမှုက နေ့စဉ်ရေချိုငါး ပိဿာ၄ သိန်းမှ ၅ သိန်း အရောင်းအဝယ်ရှိပါတယ်။ နယ်ပို့ ကလည်း ပိဿာကုန်ချိန် ၁ သိန်းခွဲနဲ့ ၂ သိန်းကြားရှိတယ်။ရေ လမ်းက အခု အမိန့်ထုတ်ပြီးချိန်မှာ စက်လှေတစ်စီးကို ကုန်ချိန် ၈ ထောင် နဲ့ နေ့စဉ် ၅ စီးနဲ့ ကုန်ချိန်လေးသောင်း လောက်ပဲ၀င်တယ်။ တကယ်လိုအပ်ချက်က ကုန်ချိန်လေး သိန်းနဲ့ငါးသိန်းကြားလည်ပတ်မှုနဲ့ဆို (၁၀) ဆမက ကွာနေပြီး ကုန်စည်စီးဆင်းမှုကအရမ်းကို ကွာခြားနေတယ်။ စက်လှေကနေ လာတဲ့ရတာလေး နဲ့ပို့ရတော့ စျေးက ရပ်တန့်သွားပါပြီ။ ကုန်စည်စီးဆင်းမှု မရပ်တန့်အောင် စျေးကို ပိတ်ပါလို့လည်းမပြောဘူး"ဟု ဗဟိုစံပြငါးစျေးသာယာရေးကော်မတီ တွဲဖက်ဘဏ္ဍာရေးမှူး ဦးကျော်သူကယနေ့နံနက်ပိုင်းတွင် ၎င်းစျေး၌ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။
စျေးသာယာရေးအဖွဲ့အနေဖြင့် စျေးပိတ်ချိန် ည၇နာရီမှ မနက်၄နာရီကြား နယ် ငါးအအေးခန်းကားများ ဝင်ရောက်ငါးချခွင့်ပေးရန် မေတ္တာရပ်ခံတင်ပြထားကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ခြင်းသည် လူစုလူဝေးဖြစ်ပွားမှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဗဟိုစံပြငါးစျေးကြီး၌ လူစုလူဝေးများလျော့နည်းရန်နှင့် ကုန်စည်ပြတ်လပ်မှုမရှိစေရေးတိုအတွက် စျေး၀ယ်ယာဉ်နှင့် Jetty အအေးခန်းယာဉ်များ ၀င်ရောက်ခြင်းကို ဧပြီ ၂၄ ရက်နေ့ နံနက် ၅ နာရီ မှ စတင်ကာ ကန့်သတ်လိုက်ခြင်းဖြစ်သည်။သို့သော်လည်း ကုန်စည်စီးဆင်းမှုကို မထိခိုက်စေရန် လည်းဆောင်ရွက်စေလိုကြောင်း အရှင်းပိတ်သိမ်းလိုက်ခြင်းမဟုတ်ကြောင်း သိရသည်။
ယင်းအတွက်ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးကြီး၌ ၀င်ပေါက်/ထွက်ပေါက်များတွင် စည်ပင်သာယာရေး ၀န်ထမ်းများ/ရဲတပ်ဖွဲ၀င်များနှင့် စျေးသာယာရေးကော်မတီ၀င်များ စုပေါင်းကာ ငါးကား/ရေခဲတင်ကားများကို ငါး/ပုဇွန် ကုန်စည်မပါဘဲ အ၀င်ခံပြီး စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါတွင် ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးကြီး၌ နယ်မှလာရောက်ကြသော ပျံကျ စျေးသည်နှင့် အကျိုးဆောင်များမပါ အမာခံသားငါးများ ရောင်း၀ယ်ဖောက်ကားဖြန့်ချိနေသော မွေးမြူ ရေးနှင့်ကန်ငါးရောင်းချသည့်ဒိုင် ၅၀ ခန့်အပါ၀င်စုစုပေါင်းငါး ဒိုင် ၁၄၆ ဒိုင်ရှိကြောင်း နေ့စဉ် ငါး/ပုဇွန် ကုန်ချိန် ပိသာ ၅ သိန်း ခန့်ရောင်း၀ယ်ဖြန့်ဖြူးရောင်းချ နေသော သားငါးစျေးကြီးဖြစ်ကြောင်း မြန်မာပြည်နယ်စပ် မြ၀တီမြို့မှ၀င်ရောက်နေသော ပျံကျ စျေးသည်နှင့် ကုန်စည်များကို ရွှေပိတောက်ငါးစျေးသို့ ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။
အေကေလင်း