၁၀ စက်တင်ဘာ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ(COVID-19) ကူးစက်မှု တားဆီးကာကွယ်ရေး အစီအမံများကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ၊ ဂျပန်နိုင်ငံတွင် အခက်အခဲများ ပိုမိုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများလိုက်ပါလာသည့် All Nippon Airways (ANA) ၏ သတ္တမအကြိမ် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)၊ ပျံသန်းအမှတ်၊ NH 813 သည် ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့သည်။
သတ္တမအကြိမ် ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် လာရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ ကျန်းမာရေးအရပြန်လိုသူများ၊ အလုပ်သင်သင်တန်းပြီးဆုံးသူများ ၊မှီခိုသူ မိသားစုဝင်များ၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးမှ မြန်မာနိုင်ငံသို့ အပြီးပြန်လည်ထွက်ခွာရန် အကြောင်းကြားထားသူများ၊ Certificate of Identity ဖြင့် ပြန်လည်ထွက်ခွာသူများနှင့် ဂျပန်နိုင်ငံ ဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောသားများ စုစုပေါင်း (၁၃၃)ဦး လိုက်ပါသွားခဲ့ကြသည်။
ထို့အပြင်၊ ဂျပန်နိုင်ငံအစိုးရ၏ ODA/JICA အကူအညီဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓါတ်အားဖြန့်ချိရေး ကွန်ရက်စီမံကိန်း၊ ဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ အခြေခံအဆောက်အဦစီမံကိန်း၊ ရန်ကုန်အထူးကုဆေးရုံစီမံကိန်း၊ ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးစီမံကိန်း၊ မကွေးဆေးရုံ တည်ဆောက်ရေးစီမံကိန်း၊ လယ်ယာစိုက်ပျိုးရေး အခြေခံဝင်ငွေမြှင့်တင်ရေးစီမံကိန်း၊ အရှေ့-အနောက်စီးပွားရေးစင်္ကြန်စီမံကိန်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ မန္တလေးဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း၊ အောင်ဆန်းမြို့ သက်မွေးသင်တန်းကျောင်း စီမံကိန်း၊ သတင်းအချက်အလက် အခြေခံ အဆောက်အဦစီမံကိန်း၊ သီလဝါအထူးစီးပွားရေးဇုံစီမံကိန်းတို့တွင် တာဝန်ထမ်းဆောင်ကြမည့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူများနှင့် ရန်ကုန်မြို့၊ ဂျပန်သံရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၆၆) ဦးတို့လည်း လိုက်ပါသွားကြသည်။
သတ္တမအကြိမ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ All Nippon Airways ရုံးချုပ်မှ Senior Vice President Mr. ISHIDA Yohei နှင့် လေဆိပ်ဝန်ထမ်း များ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Crd#နိုင်ငံခြားရေးဝန်ကြီးဌာန