မြင်းခြံ ၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် စိမ်းလန်းစိုပြည်စေရေးနှင့် သောက်သုံးရေ ရရှိရေး နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိရာ ဓူဝံကျေးရွာအနီးရှိ ဓူဝံရေကန်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဓူဝံကျေးရွာအနီးရှိ ဓူဝံကန်သည် ပြုပြင်ခြင်းမရှိသည်မှာ ကြာမြင့်ခဲ့သဖြင့် ကန်အတွင်း သဲနုန်းများပို့ခြင်း၊ ကန်ပေါင်များ အားနည်းလာခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။ ထိုသို့ဓူဝံကန်၏ ပျက်စီးမှုများကြောင့် မိုးအခါတွင် မိုးရွာသွန်းမှု များပြားလာပါက ကန်အောက်ဘက်ရှိ ဓူဝံကျေးရွာနေ ပြည်သူများမှာ ကန်ပေါင်ကျိုးပေါက်မည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည်။

ယင်းအခြေအနေကို သက်ဆိုင်ရာဌာနများမှ ကြည့်ရှုစစ်ဆေးခဲ့ရာ ကန်ရေဝပ်ရိယာတွင် သဲနုန်းများ ပို့ချနေသဖြင့် ရေသိုလှောင်မည့် ပမာဏနည်းပြီး ရေဝင်ရောက်ပါက ကန်ပေါင်သို့ ဖိအား သက်ရောက်စေကာ ကျိုးပေါက်စေနိုင်ကြောင်း တွေ့ရှိသဖြင့် အချိန်မီပြုပြင်ရန် လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။
ဓူဝံ ကျေးရွာရေကန်ကို ယခုအခါ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ (သာမန်) ရန်ပုံငွေ ကျပ် (၂၇.၅) သန်းဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
သဲနှုန်း တူးဖော်ခြင်းလုပ်ငန်းများ၊ ကန်ပေါင် တောင့်တင်းခိုင်မာအောင် ပြုပြင်ခြင်းလုပ်ငန်းများကို စက်ယန္တရားများ အသုံးပြု၍ ဆောင်ရွက်လျက်ရှိရာ (၅၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုဖေဖော်ဝါရီလကုန်တွင် လုပ်ငန်းများ အားလုံးပြီးစီးမည်ဖြစ်ကြောင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးသန့်က ရှင်းလင်းပြောပြသည်။

အဆိုပါ ဓူဝံကန် ပြန်လည်ပြုပြင် ပြီးစီးပါက ကန်အတွင်း ရေသိုလှောင်နိုင်မည့် ပမာဏမှာ ရေဂါလန်သန်းပေါင်း (၁၈) သန်းခန့် သိုလှောင်နိုင်မည်ဖြစ်ပြီး ကျေးရွာပြည်သူများနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် သောက်သုံးရေ ရရှိစေမည့်အပြင် ဆောင်းသီးနှံများ စိုက်ပျိုးရန်အတွက်ပါ ရေကိုရရှိမည် ဖြစ်သည်။
ထို့အပြင် ရေကို ကြာရှည်စွာ ထိန်းသိမ်း သိုလှောင်နိုင်သဖြင့် ဒေသတွင်း ပတ်ဝန်းကျင်ကိုလည်း စိမ်းလန်းစိုပြည်အောင် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)