အောက်တိုဘာ ၁၈
နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။
အဆိုပါပစ်ခတ်မှုသည် ကိုဂီပြည်နယ်အလယ်ပိုင်း ဖီလီလီဒေသရှိ ဝတ်ပြုဆုတောင်းသူများရှိနေသော ခရစ်ယာန်ဘုရားကျောင်းတွင် အောက်တိုဘာ ၁၆ ရက်နေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဘုရားကျောင်းကို အမည်မသိသေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထိုပြည်နယ်မြို့တော် လိုကိုဂျာရှိ ပြည်နယ်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝီလီယံအိုဗီရီရာက ပြောကြားသည်။
ထိုပစ်ခတ်မှုကြောင့် ဝတ်ပြုဆုတောင်းသူအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆိုသည်။
ယင်းပစ်ခတ်မှုဖြစ်ပွားနေရာသို့ ရဲတပ်ဖွဲ့ရောက်ရှိလာချိန်တွင် သေနတ်သမားများထွက်ပြေးလွတ်မြောက်သွားကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူ၏ပြောကြားချက်အရ ရဲတပ်ဖွဲ့က ထိုသေနတ်သမားကို လိုက်လံရှာဖွေလျက်ရှိပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို