ဟိုပုံး  ၃  အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် တွံတီးကျေးရွာတွင် မျိုးစေ့ချကိရိယာ ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ဟိုပုံးမြို့နယ်တွင် မိုးစပါးစိုက်ဧက ၂၀၀၀၀၀ ကျော် စိုက်ပျိုးထားရှိခဲ့ပြီး ပျိုးထောင်စိုက်စနစ်နှင့် ကြဲပက် စိုက်စနစ်ကိုသာ ဆောင်ရွက်နေရာမှ ယခုနှစ်တွင် လယ်ယာလုပ်သားရှားပါးမှုပြဿနာနှင့်  စိုက်ပျိုးစရိတ် ကုန်ကျမှုကို လျော့ချနိုင်ရန်အတွက် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)အသုံးပြု၍ ဧက(၁၅၀)ကျော် စမ်းသပ်စိုက်ပျိုးထားရှိခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

 

အဆိုပါ အောင်မြင်ဖြစ်ထွန်းနေသည့် စပါးစိုက်ခင်းများကို တောင်သူများလေ့လာနိုင်ရန် တွံတီးကျေးရွာမှ တောင်သူ ဦးခွန်ကိုမောင်က မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးထားသည့် ရွှေရင်အေးမိုးစပါးများ အောင်မြင်ဖြစ်ထွန်းနေမှု၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးခြင်း၏ သာချက်/အားနည်းချက်များကို လာရောက်လေ့လာသည့် တောင်သူများအား ရှင်းလင်းပြောကြားပေးလျက်ရှိသည်။

 

အဆိုပါ မျိုးစေ့ချကိရိယာ(Seeder)များကို ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် အခမဲ့ လာရောက်ငှားရမ်း နိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းထံမှ သိရသည်။

နေမင်းထွန်း(ဟိုပုံး)